ရန်ကုန် ၉ ဇွန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည်လည်း တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြို့အဝင်/အထွက်ဂိတ်များ၊ နယ်စပ်ဂိတ်များ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်းများ၊ ခေတ္တနားနေစခန်းများ၊ စျေးများနှင့် လူအသွားအလာများသော နေရာများတွင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ တေးသရုပ်ဖော်များ၊ လက်ကိုင်စပီကာများဖြင့် အသိပညာပေးခြင်းတို့နှင့်အတူ အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ ပေးဝေခြင်း၊ အစားအစာများပေးဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်းများ၌လည်း ပတ်ဝန်းကျင် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအပြင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိတို့တတ်စွမ်းသည့်ဘက်မှ တက်ကြွစွာပါဝင် ကူညီဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် အသင်းဌာနချုပ်သည် တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ကာ လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည်။
ဝင်းအောင်(MRCS)


