ပွင့်ဖြူ   ၂၇   ဧပြီ 

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ မွန်းလွဲ ၃ နာရီက ရေဖြူတွင်းကျေးရွာ ကြက်ခြေနီအသင်းခွဲရုံးသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးရာတွင် ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်စန်းမြင့်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်နှင့် တပ်ဖွဲ့ဝင်များက ရေဖြူတွင်းကျေးရွာရှိ ကျေးရွာကြက်ခြေနီအသင်းခွဲမှ အဖွဲ့ဝင် များအား တွေ့ဆုံ၍ ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရေး ပညာပေး စည်းရုံးဆောင်ရွက်သွားကြရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့် ပက်သက်ပြီး ထိခိုက်ပျက်စီးမှုများ လျော့နည်းကျဆင်းရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန် ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ကျေးရွာကြက်ခြေနီအသင်းခွဲရုံးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး (Surgical Mask) အခု ၁၀၀၊ (မျက်နှာဖုံး) ပလပ်စတစ် ကာဘာ(၃)ခု၊ (Hand  Gel)  တစ်ဗူးနှင့် အသိပညာပေး နံရံကပ်ပိုစတာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)