ယင်းမာပင် ၂၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် မြို့မစည်ပင်သာယာဈေးမှ ကုန်စိမ်း ပျံကျဈေးသည်များအား နန္ဒာမြိုင်ပန်းခြံတွင် ယာယီဈေးအဖြစ် ဧပြီ ၂၂ ရက်နေ့ နံနက်က စတင်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
နန္ဒာမြိုင်ပန်းခြံတွင် ယာယီဈေးဖွင့်လှစ်နိုင်ရေးအတွက် ဈေးဆိုင်ခန်းများကို (၆)ပေ ပတ်လည် အကွက် သတ်မှတ်ပေးပြီး စနစ်တကျရောင်းဝယ်နိုင်ရေး၊ သတ်မှတ်နေရာများတွင် ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်နိုင်ရေးဆောင်ရွက်ထားခြင်း၊ ပန်းခြံအဝင်ဝတွင် အများသုံး လက်ဆေးရေကန်များကို ဆောင်ရွက်ပေးခြင်း၊ ယာယီဈေးသို့ လာရောက်ကြသည့် ဈေးရောင်းချသူ၊ ဈေးဝယ်သူများကို Mask တပ်ဆင် အသုံးပြုပြီး လက်ဆေးပြီးမှသာ ဈေးအတွင်း ဝင်ရောက်စေခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဗိုလ်မြင့်က ပြောသည်။
အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရန်အတွက် နန္ဒာမြိုင်ပန်းခြံ ယာယီဈေးကို နံနက် (၆)နာရီမှ (၁၀)နာရီထိ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ပြီး ကုန်စိမ်း၊ ကုန်ခြောက်နှင့် သားငါး ရောင်းချသည့် ဈေးသည်ပေါင်း (၃ဝဝ)ခန့် ရှိကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)