ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပထမဆုံးဖျော်ဖြေပွဲပြုလုပ်မယ့် BTS

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတ အဖွဲ့ BTS ဟာ ကမ္ဘာတစ်ဝန်းကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွေကြောင့် ယခင်ပြင်ဆင်ထားတဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့် အဆိုပါ တေးဂီတအဖွဲ့ဟာ လာမယ့် နိုဝင်ဘာလအတွင်း ဖျော်ဖြေပွဲပြုလုပ်သွားမှာဖြစ်ကြောင်း လတ်တလောမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲ ဟာ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပထမဆုံးအကြိမ် ပြုလုပ်မယ့် BTS ရဲ့ ဖျော်ဖြေပွဲဖြစ်လာမှာဖြစ်တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

BTS ရဲ့ တိုက်ရိုက်ဖျော်ဖြေပွဲကို လာမယ့်နိုဝင်ဘာလအတွင်း လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်မှာဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်က အဖွဲ့ရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ဘစ်ဟစ်အင်တာ တိန်းမန့်က ထုတ်ပြန်ခဲ့ပါတယ်။ BTS ရဲ့ ဖျော်ဖြေပွဲတွေကို Permission to Dance on Stage အမည်ပေးထားပြီး လာမယ့်နိုဝင်ဘာ ၂၇၊ ၂၈ ရက်နှင့် ဒီဇင်ဘာ ၁၊ ၂ ရက်တို့မှာ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ဆိုဖီ ဘောလုံးကွင်းမှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး ဘစ်ဟစ်က “ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း ဖျော်ဖြေပွဲပြုလုပ်ဖို့ရာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ နိုင်ငံနဲ့ ဒေသဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီးနောက် အမေရိကန်နိုင်ငံ မှာ ဖျော်ဖြေပွဲပြုလုပ်နိုင်တာဖြစ်ပါတယ်”လို့ ပရိသတ်တွေကို ဖန်ပေ့ချ် ကနေတစ်ဆင့် ရေးသားအသိပေးခဲ့တာလည်းဖြစ်ပါတယ်။

အဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရ အဖွဲ့ဝင် ခုနစ်ဦးစလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ မကြာမီပြုလုပ်မယ့် အဆိုပါ ဖျော်ဖြေပွဲ တွေဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်မယ့် BTS ရဲ့ ဖျော်ဖြေပွဲလည်း ဖြစ်လာမှာပါ။

အေးပြည့်