ရန်ကုန်၊ ၂၃ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါကာလတွင် အိမ်တိုင်ရာရောက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ရောဂါပိုးကူးစက်မှုနှုန်း မြင့်မားသော မြို့နယ်များ၌ နေအိမ်တွင်နေထိုင်ခြင်းအစီအစဉ် သတ်မှတ်ထားခြင်းနှင့် ခရီးသွားလာမှုများ ကန့်သတ်ထားမှုကြောင့် ပြည်သူအများစုအနေဖြင့် ဒီဂျစ်တယ်စီးပွားရေးစနစ်ကို ပြောင်းလဲ အသုံးပြုလာကြကာ အွန်လိုင်းမှ အစားအသောက်နှင့် ကုန်စည်ဝယ်ယူမှုများ ပိုမိုပြုလုပ်လာခဲ့ကြသည်။
“အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို Grab ကနေ ပေးအပ်နေခဲ့တာပါ။ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဝန်ဆောင်မှုတွေ တိုးချဲ့နိုင်ဖို့အတွက် ရှိပြီးသား နည်းပညာ၊ ကြီးမားကျယ်ပြန့်တဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်နဲ့ စနစ်ကျတဲ့လုပ်ငန်း လည်ပတ်မှုပုံစံတွေကို အသုံးချခဲ့လို့ လစဉ်ပုံမှန်အသုံးပြုသူ အရေအတွက်က တစ်နှစ်ထက်တစ်နှစ် ကိန်းဂဏာန်းနှစ်နေရာစာ တိုးပွားလာနေပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောပြသည်။
မြန်မာနိုင်တွင် Grab ကို အငှားယာဉ်ဝန်ဆောင်မှုအတွက် အများဆုံးအသုံးပြုလျက်ရှိပြီး အစားအသောက်၊ ပစ္စည်းပို့ဆောင်ရေး၊ မိုဘိုင်းငွေပေးချေစနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကို အရှေ့တောင်အာရှ ရှစ်နိုင်ငံရှိ မြို့ပေါင်း ၃၃၉ မြို့တွင် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)


