ရန်ကုန်  ၁၆  ဩဂုတ်

 

ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ကြိုးကြာခေါင်းနီငှက်ကွင်းဆင်းလေ့လာရေးလုပ်ငန်းများနှင့် ထိန်းသိမ်းရေး လုပ်ငန်းများကို ပြန်လည်စတင် လုပ်ကိုင်နေပြီဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါက်တာမျိုးစန္ဒာဝင်းထံမှ သိရသည်။

 

နှစ်စဉ်ပြုလုပ်ခဲ့သော ကွင်းဆင်းလေ့လာရေး လုပ်ငန်းများနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို ယခုနှစ်တွင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါကြောင့် မတ်လတွင် စတင်ရပ်နားထားခဲ့ရပြီး ဇူလိုင်လဆန်းပိုင်းမှာသာ ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။

 

"၂၀၁၅ ခုနှစ်က စပြီး ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနနဲ့ International Crane Foundation တို့ပူးပေါင်း၍ ကြိုးကြာခေါင်းနီငှက်တွေ အများဆုံး နေထိုင်ကျက်စားတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ အကောင်ရေကို သိရှိနိုင်ဖို့ စစ်တမ်းကောက်ယူခြင်း၊ ပျံ့နှံ့နေထိုင်မှု၊ သားပေါက်ဖွားခြင်း၊ နေထိုင်ရာ စားကျက်တွေနဲ့ သူတို့အပေါ်ကျရောက်နေတဲ့ ခြိမ်းခြောက်မှုတွေကို လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကွင်းဆင်းလေ့လာမှု မှတ်တမ်းတွေအရ ဧရာဝတီတိုင်းဒေသကြီးမှာ ကြိုးကြာခေါင်းနီ ငှက်ကောင်ရေ ၃၀၀ ကျော်လောက် ရှင်သန်နေထိုင် ကျက်စားလျက်ရှိပါတယ်။ အဲဒီပမာဏဟာ မြန်မာနိုင်ငံအတွင်း နေထိုင်ကျက်စားနေတဲ့ ကြိုးကြာခေါင်းနီ ငှက်အကောင်ရေ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းခန့်ရှိပါတယ်" ဟု ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ကထိက ဒေါက်တာမျိုးစန္ဒာဝင်းက ပြောသည်။

 

ကြိုးကြာခေါင်းနီငှက်များကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သဘာဝရေဝပ်ဧရိယာများနှင့် ရေနက်ကွင်း စပါးစိုက်ခင်းများတွင် အများဆုံး တွေ့ရှိရကြောင်း၊  ဥဥ သားပေါက်သည့် ရာသီမကျရောက်ခင် ဒီဇင်ဘာလမှ ဇွန်လခန့်အထိ အုပ်စုဖွဲ့နေထိုင်ကြပြီး ဇူလိုင်လဆန်းပိုင်းခန့်မှစ၍ ဥဥသားပေါက်ရန်အတွက် အုပ်စုအတွင်းမှ ကြိုးကြာစုံတွဲများသည် ခွဲထွက်လာပြီး နယ်ပယ်များ သတ်မှတ်၍ မိမိတို့သက်ဆိုင်ရာ နယ်ပယ်များအတွင်း အသိုက်များ ဆောက်လုပ်၍ ဥဥသားပေါက်ကြကြောင်း၊ အသိုက်များကို  စပါးကွင်းများနှင့် သဘာဝရေဝပ် ဧရိယာများအနီးရှိ မြက်ရိုင်းတောများတွင် ပြုလုပ်လေ့ရှိကြပြီး အသိုက်များမှာအလွန်ကြီးမားကာ ရေလွှမ်းမိုးမှုဒဏ်မှ ကင်းဝေးစေရန်၊ ရေတက်လာပါက အသိုက်များရေပေါ်တွင် ပေါ်စေရန်အတွက် စပါးပင်များ၊ မြက်ရိုင်းများဖြင့် ပြုလုပ်ကြကြောင်း၊ ဥဥပြီး ရက် ၃၀ ခန့်အကြာတွင် သားပေါက်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

 

mdn

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သဘာဝရေဝပ်ဧရိယာများနှင့် ရေနက်ကွင်းစပါး စိုက်ခင်းများသည် ကြိုးကြာခေါင်းနီ ငှက်များအတွက် လွန်စွာမှအရေးပါသော စားကျက်နှင့် သားပေါက်ရာ နေရာများဖြစ်ပြီး ယခုအခါ အဆိုပါနေရာများမှာ လယ်ယာမြေများ ချဲ့ထွင်ခြင်း၊ ငါးကန်များ တူးဖော်ခြင်း စသည့်အကြောင်းများကြောင့် တဖြည်းဖြည်း ကျဉ်းမြောင်းလာလျက်ရှိသလို ကြိုးကြာဥများနှင့် အကောင်ပေါက်ကလေးများမှာလည်း အိမ်မွေးတိရစ္ဆာန်များ၊ သဘာဝတောရိုင်း တိရစ္ဆာန်များ၏ ဖမ်းယူစားသောက်ခြင်း၊ ဒေသခံများ၏ အိမ်မွေးတိရစ္ဆာန်အဖြစ် ဖမ်းဆီးယူဆောင်ခံရခြင်းတို့ကြောင့် ကြိုးကြာခေါင်းနီငှက်များ ရေရှည်ရှင်သန်နိုင်ရန်အတွက် စိန်ခေါ်လျက်ရှိသည်။

 

ကြိုးကြာခေါင်းနီငှက်သည် မြန်မာနိုင်ငံတွင်တွေ့ရှိရသော ဌာနေငှက်မျိုးစိတ်ဖြစ်ပြီး အရှေ့တောင်အာရှ အတွင်းရှိ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ နီပေါနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် ကြိုးကြာခေါင်းနီငှက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တွေ့ရှိရကြောင်း၊ အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုတို့ ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းပေးကြမှသာ ကြိုးကြာခေါင်းနီငှက်များ၏ ရေရှည်ရှင်သန်နိုင်ရေးနှင့် ၎င်းတို့၏နေထိုင် ကျက်စားရာ နေရာများ မပျောက်ကွယ်စေရန် ဆောင်ရွက်ရာတွင် အောင်မြင်နိုင်မည် ဖြစ်ကြောင်း ဒေါက်တာမျိုးစန္ဒာဝင်းက အကြံပြုပြောကြားခဲ့သည်။ 

 

သတင်း-ပိန်းဇလုပ်သိန်းညွန့် ၊ဓာတ်ပုံ-တင်အောင်ထွန်း

 

mdn