ရန်ကုန် ၁၂ ဧပြီ
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော လက်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဧပြီ ၁၀ ရက်မှ ၁၉ ရက်အတွင်း၊ သင်္ကြန်ပွဲတော် ရုံးပိတ်ရက် ရှည်ကာလအတွင်း အိမ်မှာနေထိုင်ကြဖို့ သတ်မှတ်လိုက်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့သင်္ဘောဆိပ်ကမ်း၌ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ သွားလာမှု မရှိသလောက် နည်းပါးလျက်ရှိပြီး ဒလမြို့နယ် အဝေးပြေးကားဂိတ်တွင်လည်း မော်တော်ယာဉ်များ ပြေးဆွဲမှု မရှိသလောက် နည်းပါးသွားကြောင်း ယနေ့ ညနေ ၄ နာရီက မြင်တွေ့ရသည်။
ယခင်နေ့များက ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်နှင့် ဒလမြို့ အဝေးပြေးကားဂိတ်တို့၌ ဒလမြို့ ဒေသခံပြည်သူ များနှင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ပြည်သူများနှင့် ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ် စသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ သွားလာမှုများပြားလျက်ရှိရာ ယနေ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အကြိုနေ့ နံနက်ပိုင်းမှ စတင်၍ ညနေပိုင်းအချိန်ထိ အသွားအလာ နည်းပါးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ပြေးဆွဲလျက်ရှိသော ချယ်ရီသင်္ဘောများ၌ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ညနေ ၄ နာရီခွဲထိ ခရီးသည်လိုက်ပါမှုအနေဖြင့် ၅၀၀ ကျော်ခန့် စီးနင်းလိုက်ပါကြောင်း သိရသည်။
ချယ်ရီ(၃)သင်္ဘော ပဲ့ကိုင် ဦးသူရမင်း က “ မနက်ပိုင်း ၆ နာရီက စပြီး ညနေ ၄ နာရီခွဲအထိ ခရီးသည်က ၅၀၀ လောက်ပဲ ရှိတယ်၊၊ ည ၆ နာရီခွဲ တစ်ခေါက်နဲ့ဆို ၆၀၀ ကျော်လောက်ပဲရှိမယ်၊ အသွားအပြန် ၇ ခေါက်နဲ့ ပြေးဆွဲပေး ပါတယ်၊ ရန်ကုန် ပန်းဆိုးတန်း ဘက်ကမ်းက ၆ နာရီခွဲ နောက်ဆုံးအခေါက်ဖြစ်ပြီး ဒလဘက်ကမ်းမှ ၆ နာရီ နောက်ဆုံး အခေါက်နဲ့ ခရီးသည်တွေကို ပို့ဆောင်ပြေးဆွဲပေးပါတယ်၊ အရင်က တစ်ရက်ကို ခရီးသည် ၃၀၀၀၀ နီးပါး ကူးသန်း သွားလာမှုရှိတယ်၊ အခုချိန်ကာလမှာ ကိုဗစ်-၁၉ ကြောင့် ခရီးသည်စီးနင်းလိုက်ပါမှု မရှိသလောက် ဖြစ်သွားတယ် ” ဟု ၎င်းက ပြောသည်။
ဒလမြို့ ဒေသခံပြည်သူတစ်ဦးက “ အရင်က ဒီသင်္ဘောဆိပ်နဲ့ ကားဂိတ်က လူပေါင်းများစွာ ခရီးသွားလာ လှုပ်ရှားနေကြတာ၊ ခုလို ရောဂါဆိုးကြီး ဖြစ်လာပြီးတဲ့နောက် အစိုးရက သင်္ကြန်ကာလအတွင်း အိမ်အပြင်မထွက်ဖို့၊ အိမ်ထဲမှာပဲ နေထိုင်ကြဖို့ နှိုးဆော်တိုက်တွန်းတဲ့အတွက် အိမ်ထဲနေတဲ့သူများတယ်၊ အပြင်မှာ လူသွားလာမှုနည်းပါးပြီး ခြောက်ကပ်နေတာ ဖြစ်တယ်၊ လူအနည်းငယ်လောက်ပဲ ဈေးဝယ်တာရှိတော့တယ်၊ အပြင်ထွက်တဲ့သူက လက်ချိုးရေ လို့ရတယ် ” ဟု ပြောကြားခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ပြန်ဆက်)


