ပခုက္ကူ ၈ မေ
လတ်တလောဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ကြောင့် ပခုက္ကူမြို့ပေါ်တွင် သုံးဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ဖြင့် အငှားလိုက်ပြေးဆွဲသူများ နေ့စဉ်ဝင်ငွေနည်းပါးလာကြောင်း သိရသည်။
အရင် ကိုဗစ်-၁၉ ရောဂါ မပေါ်လာခင်ကတော့ တစ်နေ့ကို အများဆုံး ငွေကျပ်တစ်သောင်းဝန်းကျင်နှင့် အနည်းဆုံး ငါထောင်ဝန်းကျင်ကတော့ ပုံမှန်ရခဲ့ပါတယ်၊ အခုကိုဗစ်-၁၉ ရောဂါကြောင့် တစ်နေ့ကို အများဆုံး ငွေကျပ် လေးထောင်သာရပြီး တစ်ခါတစ်လေ ဈေးဦးမပေါက်တဲ့နေ့တွေလည်း ကြုံရပါတယ်၊ ပုံမှန်ကတော့ ပခုက္ကူမြို့၊ အဝေးပြေးကားကြီးကွင်းကနေ ထင်းတန်းလမ်းဆုံ ယခင်မြို့မဈေးအထိ ငွေကျပ်တစ်ထောင်ကျပ်၊ မြို့မဈေးကနေ ရွှေချောင်းအဝိုင်းထိ တစ်ထောင်ကျပ်နှင့် မြို့မဈေးကနေ မြို့သစ်တို့ စက်မှုဇုန်အထိက နှစ်ထောင်ကျပ်စီ ပေးရပါတယ်၊ အခုတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကြောင့် အပြင်ထွက်တဲ့သူနည်းပါးလာတာ၊ အခြားတိုင်းနှင့် ပြည်နယ်က လာတဲ့ခရီးသည်တွေ သိပ်မရှိတော့တာတွေကြောင့် အငှား(ကယ်ရီ)လိုက်တဲ့သူ နည်းပါးသွားတယ်၊ ကျွန်တော်တို့ကလည်း ယခုအချိန်ကာလအတွင်းမှာ အခြားတိုင်းနှင့် ပြည်နယ်က လာတဲ့သူတွေဆို အငှားလိုက် ခေါ်ရင်တောင် သိပ်မလိုက်ရဲပါဘူး၊ အထူးသဖြင့် ရန်ကုန်နှင့်ပြည်တော်ပြန်ကို အငှားလိုက်မိရင် ကိုယ်ပါ စောင့်ကြည့်စခန်း (Quarantine) ဝင်ရတာဆိုတော့ အခြေအနေကိုစုံစမ်းပြီးမှ လိုက်နေရတာပါ၊ မိသားစုစားဝတ် နေရေးအတွက် အဆင်မပြေတော့ကျ ရောဂါကူးမှာကြောက်ပေမယ့် အငှားလိုက်ပေးနေရတုန်းပါပဲ” ဟု ပခုက္ကူမြို့၊ မြို့မလမ်းနှင့်ထင်းတန်းလမ်းဆုံတွင် အခြေပြုပြေးဆွဲနေသည့် မော်တော်ဆိုင်ကယ် ကယ်ရီအငှားလိုက်သူ ဦးမင်းကို က ပြောပြသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော်လည်း မိသားစုစားဝတ်နေရေးအတွက် မဖြစ်မနေ ကယ်ရီအငှားလိုက် ပြေးဆွဲနေသည့် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များအနေဖြင့် နှာခေါင်းစည်း (Mask) တပ်ဆင်မှသာ အငှား လိုက်ပေးနေကြကြောင်း သိရသည်။
ဆလိုင်းကိုကီး


