တိုကျို ဇန်နဝါရီ ၁၃

 

ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်နေသဖြင့် တိုကျိုမြို့ရှိ ကုမ္ပဏီများ၌ အလုပ်လုပ်ကိုင်နေသူ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကျော်ခန့် လုပ်ငန်းခွင် ပျက်ကွက်နိုင်ကြောင်း တိုကျိုဒေသန္တရအစိုးရအဖွဲ့က ခန့်မှန်းပြောကြား သည်။ ထိုသို့လုပ်ငန်းခွင်မှ ပျက်ကွက်မည့်သူများမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ သို့မဟုတ် ရောဂါပိုးရှိသူနှင့် အနီးကပ်နေထိုင်ခဲ့သူများ ဖြစ်သည်။

 

အစားထိုးတာဝန်ပေးအပ်နိုင်ရန်

ထို့ပြင် ၎င်းအလုပ်ပျက်ကွက်မည့် လုပ်သားများနေရာ၌ အစားထိုးတာဝန် ပေးအပ်နိုင်ရန် အရေးပေါ်လုပ်ငန်းစီမံ ချက်များ ကြိုတင်ရေးဆွဲ ဆောင်ရွက်သင့်ကြောင်း သက်ဆိုင်ရာကုမ္ပဏီများအား တိုကျိုဒေသန္တရအစိုးရအဖွဲ့က ပြောကြားသည်။ နိုင်ငံအတွင်းရှိ အရေးကြီးသော အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှုပိုင်း၌ အဟန့်အတားများ ဖြစ်လာနိုင်သဖြင့် အရေးပေါ်စီမံချက်များ ကြိုတင် ရေးဆွဲဆောင်ရွက်သင့်ကြောင်းနှင့် အဆိုပါစီမံချက်များနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲများကျင်းပခြင်းဖြင့် အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း တိုကျိုမှတာဝန်ရှိသူများက ပြောကြားသည်။

 

တိုကျိုဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို သာမကလူမှုရေးဆိုင်ရာအခမ်းအနားများ နှင့် စာသင်ကျောင်းများကိုပါ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးစေခြင်း စသည့် အကျိုးသက်ရောက်မှုများ ဖြစ်လာစေခဲ့ကြောင်း တိုကျိုမြို့တော်ဝန် ကိုကီယူရီကိုက ပြောကြားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ