ပုဗ္ဗသီရိ ၈ ဇွန်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းများနှင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်းများကို မတ် ၃၀ ရက်မှ ဇွန်လ ၇ ရက်ထိ ယာယီ ရပ်ဆိုင်းထားခဲ့ပြီး ယနေ့နံနက်ပိုင်းမှစတင်၍ မော်တော်ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းများကို ပြန်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
"ကျွန်မတို့အနေနဲ့ ယခုလို မော်တော်ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းတွေ ဆောင်ရွက်ပေးရာမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေနှင့်အညီ ဆောင်ရွက်ပေးနေပါတယ်။ လိုင်စင်သက်တမ်းတိုးပေးတဲ့နေရာမှာလည်း ကားတစ်စီးကိုလူနှစ်ဦးနှင့် ဆိုင်ကယ်တစ်စီးကိုလူတစ်ဦးသာ ဝင်ရောက်ဆောင်ရွက်ခွင့်ပြုမှာဖြစ်ပြီး ရုံးအတွင်း ဝင်ရောက်မည်ဆိုပါက ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ လက်ဆေးစေခြင်းများအပြင် လူတစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာရှိစေရန်အတွက်လည်း နေရာများ စနစ်တကျသတ်မှတ် ဆောင်ရွက်လျက် ရှိပါတယ်ဟု" နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပပလင်းကပြောသည်။
ယင်းအပြင် ၂၀၂၀ မတ်လနှင့် ဧပြီလများတွင် သက်တမ်းကုန်ဆုံးသော မော်တော်ယာဉ်များအား ၂၀၂၀ ဇွန်လ ၈ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အတွင်း သက်တမ်းတိုးမည်ဆိုပါက ရက်လွန်ဒဏ်ကြေးများကို လျှော့ပေါ့ကောက်ခံသွားမည်ဖြစ်ပြီး ၂၀၂၀ မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၃၁ ရက်နေ့အတွင်း သက်တမ်းကုန်ဆုံးသော ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးရာတွင် ရက်လွန်ဒဏ်ကြေးများကို ကောက်ခံခြင်း ပြုမည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ထိုသို့ မော်တော်ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်နှင့် လူစုလူဝေးမဖြစ်ပေါ်စေရန်တို့အတွက် ပုဗ္ဗသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတို့က စနစ်တကျ ကြပ် မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)


