တောင်ကြီး ၂၉ ဧပြီ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် မီးဖိုချောင်သုံး စားသုံးသီးပင်များကို မိမိအိမ်ခြံအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် လူဦးရေ ထူထပ်သည့်ဈေးများသို့ သွားရောက်ဝယ်ယူခြင်းကို လျှော့ချနိုင်ရေး တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများအား သီးနှံပျိုးပင်များ အခမဲ့ဖြန့်ဝေပေးနိုင်ရန် တောင်ကြီးမြို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ဆောင်ရွက်နေကြောင်းသိရှိရသည်။
ဟင်းသီးဟင်းရွက်များကို ရှမ်းပြည်နယ်မှ အဓိကထုတ်လုပ်ပေးသည့် ပြည်နယ်ဖြစ်ပြီး ပြည်နယ်အတွက်လည်း လိုအပ်ကြောင်း၊ မိုးဦးစကျသည့် ကာလဖြစ်သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ပုံမှန်လုပ်နေကျ စမ်းသပ်ကွက်၊ စံပြကွက်များ၊ ပညာပေးလုပ်ငန်းများ၊ သင်တန်းများ လုပ်ကိုင်နိုင်ရန် ယခုအချိန်တွင် အခြေအနေ မပေးသေးကြောင်း၊ ကိုဗစ်-၁၉ ကာလနှင့် ကာလအလွန်တွင် စားရေးသောက်ရေးတွင် တွေ့ကြုံရမည့် အခက်အခဲကို ကျော်လွှားနိုင်ရန် ညွှန်ကြားချက်များကို လိုက်နာသည့်အနေဖြင့် လူစုလူဝေးရှောင်ကာ Messenger Group တွင် တောင်သူများကို ပညာပေးဆွေးနွေးနေကြောင်း၊ ဈေးကဲ့သို့ နေရာမျိုးတွင် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ ဝယ်ယူရာ၌ လူစုလူဝေး ဖြစ်ပေါ်နိုင်သည့် အခက်အခဲများကို ဖြေရှင်းရန် စိုက်ပျိုးရေးဦးစီးဌာနမှ Home Garden အစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဦးကြိုင်ကပြောသည်။
ရှမ်းပြည်နယ်တွင် မိမိအိမ်ခြံဝင်းအတွင်း ကော်ဖီ၊ ဆလပ်၊ ငရုတ်သီးများ စိုက်ပျိုးသည့် အလေ့အထရှိကြောင်း၊ ယခုကာလမှာ ဈေးထွက်ဝယ်စရာ မလိုဘဲ မိသားစုအတွက် လုံလုံလောက်လောက် စားနိုင်ရန် ရှိပြီးသားကို တိုးချဲ့ဆောင်ရွက်ခြင်းအား Home Garden ဟု ခေါ်ကြောင်း၊ ၎င်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် ပြည်နယ်အစိုးရထံ တင်ပြ၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနေကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တစ်ခုတည်းသာမဟုတ်ဘဲ ရှမ်းပြည်နယ် (၁၂) ခရိုင်ဖြစ်သည့် ရှမ်း (မြောက်)၊ ရှမ်း (ရှေ့)မှ မြို့နယ်ဦးစီးမှူးများကလည်း အိမ်တိုင်ရာရောက် ပျိုးပင်များ ပျိုးထောင်ပေးခြင်း၊ မြေကြီးမရှိပါက ရေသန့်ဘူး၊ ကားတာယာ စသည်တို့တွင် မြေထည့်ပြီး စိုက်ပျိုးခြင်းတို့ကို ပညာပေး၍ လက်တွေ့လုပ်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်းနှင့် လက်ရှိတွင် မျိုးစေ့များကိုလည်း ဖြန့်ဝေပေးနေကြောင်း၊ စီးပွားဖြစ်မဟုတ်ဘဲ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန်အတွက် မြေဆွေးများလိုအပ်ပါက ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဦးကြိုင်ကပြောသည်။
အဆိုပါ Home Garden စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးသော ဟင်းသီးဟင်းရွက်မျိုးစေ့များမှာ သခွား၊ ခရမ်း၊ ချဉ်ပေါင်၊ ရုံးပတီသီး၊ ခရမ်းကသော့ (ဖြူ/စိမ်း)၊ ဘူး(ရှည်/ဝိုင်း)၊ ငရုတ်ချိုပွ၊ တိုင်လွတ်ပဲ၊ တိုင်ထောင်ပဲ၊ ငရုတ်မိုးထောင်၊ ကြက်ဟင်းခါးသီး၊ ဟင်းနုနွယ်၊ မုန်ညင်းစိမ်း၊ ကိုက်လန်၊ ကန်စွန်းရွက်၊ မုန်ညင်းဖြူ၊ ခရမ်းသီး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ရွှေပဲရွက်၊ ပဲတောင့်ရှည်၊ ဘိုစားပဲ၊ ပဲမျိုးစုံ၊ ဖရုံ၊ နံနံပင်၊ သင်္ဘော၊ ဂေါ်ဖီထုပ်၊ ဆလပ်၊ ပန်းဂေါ်ဖီစိမ်း စသည်တို့ကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ (မြောက်ပိုင်း)၊ (အရှေ့ပိုင်း)ရှိ ခရိုင်များသို့ အခမဲ့ပေးပို့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


