ရန်ကုန် ၁၄ အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မြေးဖြစ်သူ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူ၏ Contact Person အဖြစ် စက်တင်ဘာ ၂၃ ရက်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခဲ့ရသော အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ရဲဘော်(၁)လမ်းမှ အသက်(၁၀၀)အရွယ်ရှိ အဖွား ဒေါ်သိန်းခင်သည် အောက်တိုဘာ ၈ ရက်တွင် Negative ပြန်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်စွာဖြင့် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ရဲဘော်(၁)လမ်း နေအိမ်သို့ ပြန်လည်ရောက်ရှိ၍ နေအိမ်တွင် (၇)ရက် Home Quarantine နေထိုင်ကာ ယနေ့ (၇)ရက် ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့က သွားရောက်တွေ့ဆုံ ဂါရဝပြုကန်တော့ခဲ့ပြီး အဖွား၏ ကျန်းမာရေးကောင်းမွန်နေခြင်း၊ ကိုဗစ်ကို အံတုခုခံ အနိုင်တိုက်နိုင်ခဲ့ခြင်များအပေါ် ဝမ်းမြောက်ဝမ်းသာ သတင်းမေးမြန်းခဲ့ကြောင်း တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ထံမှ သိရသည်။

အဖွား ဒေါ်သိန်းခင်သည် အသက်(၁၀၀)ဖြစ်၍ မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူဖြစ်ပြီး ကုသရေးစင်တာမှ ပိုးကင်းစင်သက်သာပြီး ကျန်းမာရေးကောင်းမွန်စွာဖြင့် ပြန်လည်ဆင်းလာနိုင်သည့် အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ အင်းစိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားပြီး ရောဂါပိုးကင်းစင်၍ ပြန်လည်သက်သာလာသူ လူဦးရေ(၅၀၀)ကျော်အနက် အဖွား ဒေါ်သိန်းခင်လည်း ပါဝင်ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)