မော်လမြိုင် ဩဂုတ် ၂၀
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအား ကာကွယ်၊ ထိန်းချုပ် ကုသပေးစဉ် ရောဂါပိုးကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က “ကိုဗစ်- ၁၉ ရောဂါ လျော့နည်းအောင် အဓိကအခန်းကဏ္ဍမှ အနစ်နာခံ၍ ရောဂါပိုးကူးစက်ခံပြီး ကုသပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ လူမှုအဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များနှင် ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း” ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများက လက်ခံရယူပြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးစဉ် ရောဂါပိုး ကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်း ၁၉၅ ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ ၁၉၅ သိန်း ချီးမြှင့်ပေးအပ်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)


