မန္တလေး ၂၅ ဧပြီ
စင်ကာပူနိုင်ငံမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ ဓါတ်ခွဲစစ်ဆေးမည့်စက် စင်ကာပူနိုင်ငံမှ မန္တလေးမြို့သို့ ရောက်ရှိလာပြီးဓာတ်ခွဲခန်းပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကာ မေလကုန်တွင် စတင် စစ်ဆေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ကိုဗစ်-၁၉ သတင်းမှန်ပြန်ကြားရေးနှင့် ကိုဗစ်-၁၉ သတင်းမှားဖြန့်ဝေ သူများ ရှာဖွေဖော်ထုတ်စောင့်ကြည့်ရေးလုပ်ငန်းကော်မတီဉက္ကဌ ဦးစိုင်းပန်းဆိုင်က ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးမည့် ဓါတ်ခွဲခန်းကို မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ၃၅လမ်းရှိ ယခင် FDA ဓါတ်ခွဲခန်းနေရာမှာ ထားရှိသွားမှာပါ၊ အရင် FDA ဓါတ်ခွဲခန်းသုံး ပစ္စည်းတွေဖယ်ရှားပြီး ပါပြီ၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် အပူတပြင်းလုပ်ဆောင် နေပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ ဓါတ်ခွဲခန်းနေရာ အတွင်းပိုင်း ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်၊ လိုအပ်တဲ့ဓါတ်ခွဲခန်းသုံး ပစ္စည်းတွေ မှာယူထားပါတယ်၊ တိုင်းအတွက်ရော တစ်နိုင်ငံလုံးအတွက်ရော သုံးနိုင်အောင် မျှော်မှန်း ထားပြီး မေလကုန်လောက်မှာ စတင်စစ်ဆေးနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ၎င်းကပြောကြားသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးနှင့်အခြားဒေသများမှ ပိုးစစ်ဆေးရန် လူနာ၏ ဓါတ်ခွဲ နမူနာများကို ရန်ကုန်သို့ ပို့ဆောင်ပေးနေရသဖြင့် အချိန်ပေးရကြောင်း၊ မန္တလေးမြို့တွင် စစ်ဆေးနိုင်ပါက အထက်မြန်မာပြည်အတွက် အချိန်နှင့်အမျှ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်ပြီး ဓါတ်ခွဲစစ်ဆေးမည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း သင်တန်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
မေလကုန်လောက်မှာ စတင်စစ်ဆေးနိုင်မည်လို့ ခန့်မှန်းထားပေးမယ့် အဓိကလိုတာက ဓါတ်ခွဲခန်း သုံး ပစ္စည်းတွေပါ၊ ဒီပစ္စည်းတွေက ပြည်ပကနေ မှာယူရတာဖြစ်လို့ ရောက်ရှိလာမယ့် အချိန်ပေါ်လည်း မူတည် ပါတယ်၊ လိုအပ်တဲ့ ဓါတ်ခွဲခန်းသုံးပစ္စည်းတွေကို ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ပစ္စည်းနှင့် ဆေးဝါးများ စုဆောင်းရေးနှင့် ဖြန့်ဝေရေးလုပ်ငန်းကော်မတီ က ပြည်ပကို မှာထားပြီးပါပြီ ၊ အမြန်ဆုံးဖြစ်အောင်ကြိုးစားနေပါတယ် ဟု ၎င်းက ဆက်လက်ပြောကြား သည်။
မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန(NHL)နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ အမြန်ဆုံးစစ်ဆေးနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာသင်းသင်းနွယ်ထံ မှ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


