အောက်တိုဘာ ၂၀
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် လူသေဆုံးမှုများပြားနေဆဲဖြစ်သဖြင့် ထိုရောဂါကူးစက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ရပ်တည်နေဆဲဖြစ်သည်ဟု ဆိုသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာစိုးရိမ်ဖွယ်ရာကျန်းမာရေးအရေးပေါ်အခြေအနေ တစ်ရပ်အဖြစ် ၂၀၂၀ ခုနှစ် ဇန်နဝါရီလက ပထမဆုံးထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
ထိုကော်မတီအဖွဲ့ဝင်မျာက အောက်တိုဘာ ၁၃ ရက်က ထိုအရေးပေါ်အခြေအနေ အဆုံးသတ်ရေးနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ်ဆွေးနွေးမေးမြန်းပြောဆိုခဲ့ကြသော်လည်း ထိုသို့ပြုလုပ်ရန်စောလွန်းသေးကြောင်း ယင်းကော်မတီ အဖွဲ့ဝင်များက တညီတညွတ်တည်းသုံးသပ်ပြောကြားခဲ့ကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
၎င်းရောဂါကူးစက်မှုကြောင့် သေဆုံးမှုများပြားနေဆဲဖြစ်ပြီး ထိုဗိုင်းရပ်စ်မျိုးကွဲများ တွေ့ရှိမှုနှင့်ပတ်သက်ပြီး သေချာပြောဆိုနိုင်ခြင်းမရှိသေးသဖြင့် ကော်မတီအဖွဲ့က စိုးရိမ်မကင်းဖြစ်နေကြောင်း သတင်းဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်ရောဂါကူးစက်မှုနှင့်သေဆုံးမှုများသည် အကျဘက်သို့ဦးတည်နေသော်လည်း ဂျာမနီနှင့်ပြင်သစ်နိုင်ငံကဲ့သို့သောနိုင်ငံများတွင် ထိုရောဂါကူးစက်မှုအရေအတွက်နှင့် ဆေးရုံတက်ကုသမှုများ ပြန်လည်မြင့်တက်လာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို