ထားဝယ်    ဇူလိုင်   ၁၅

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကာလအတွင်းပြည်သူများ စားသုံးဆီ အခက်အခဲမရှိစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့်ဆီကို စျေးနှုန်းချိုစွာ အလွယ်တကူ ဝယ်ယူရရှိနိုင် စေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနက မြေပဲဆီသန့်သန့်များကို ဇူလိုင်လဆန်းကစတင်၍  ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး  ဒေါ်ဥမ္မာမြင့်ထံက သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ စာသုံးဆီနဲ့ပတ်သက်လို့  အများဆုံးက ပြည်ပတင်ပို့တဲ့ ပဲလွန်းဆီကိုပဲ သုံးကြတယ်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကာလအတွင်း ပဲလွန်းဆီဝင်ရောက်မှုနည်းပြီး စျေးနှုန်းမြင့်မားလာမှုတို့ကြောင့် ပြည်သူများ စားသုံးဆီအခက်အခဲ မရှိစေဖို့၊ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး စျေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနက ဝယ်ယူဖြန့်ဖြူး ရောင်းချပေးတာဖြစ်ပါတယ်။ မြေပဲဆီစစ်စစ်ကို စျေးနှုန်းမှန်မှန်ကန်ကန်နဲ့ရောင်းချနိုင်ဖို့ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင်အတွင်း မြို့နယ်တွေက သမဝါယမအသင်းလီမီတက်တွေနဲ့ချိတ်ဆက်ပြီး ဝယ်ယူ ရောင်းချပေးနေခြင်းဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကာလအတွင်း ပြည်သူတွေ ဆီစားသုံးရာမှာ ကျန်းမာရေးနဲ့လည်း ညီညွတ်မှု ရှိရမယ်၊ စျေးနှုန်းလည်းမှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်ဖြစ်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါဟု တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က  ပြောတယ်။

တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကာလအတွင်း ပြည်သူများ၏ စားဝတ်နေရေး အထောက်အကူပြုစေရန် မြေပဲဆီ သန့်သန့်များကိုဖြန့်ဖြူးရောင်းချလျက်ရှိသကဲ့သို့ အာလူး၊ ပဲအမျိုးမျိုးနှင့် ကြက်သွန်နီ ကြက်သွန်ဖြူ စသည့် စားဖိုဆောင်သီးနှံများကိုလည်း စျေးနှုန်းမှန်ကန်စွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ဒေသတွင်းပြည်သူများ၏ ဝယ်လိုအားအခြေအနေကိုကြည့်၍ ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး    ပြန်/ဆက်