နေပြည်တော် ၁၈ ဇွန်

 

Coronavirus Disease COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဉီးသောင်းထွန်းနှင့် အဖွဲ့ဝင်များက နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာနေရာ ဒေသများမှလည်းကောင်း ပါဝင်ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၆)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍနှင့် အခြားကဏ္ဍတို့မှ လုပ်ငန်းအသစ် (၉)ခု ကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၉၃ ဒသမ ၃၈၉) သန်းနှင့် ငွေကျပ် (၆၄,၃၄၁ ဒသမ ၈၂၇) သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂,၅၀၇) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

 

၂၀၂၀ ခုနှစ် မေလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း (၅၁)နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၅၁ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၆၀ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၁၁ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

 

သတင်းစဉ်