ဝါရှင်တန်၊ ၂၄ ဒီဇင်ဘာ

 

သမ္မတထရမ့်သည် ကိုဗစ်-၁၉ ထောက်ပံ့ရေးဥပဒေကြမ်းကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ပြီး ဥပဒေပြု အမတ်များအနေဖြင့် အမေရိကန် ပြည်သူများအတွက် ယခုထက် သုံးဆများပြားသည့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပေးရန် လိုအပ်ကြောင်း တောင်းဆိုခဲ့သည်။

 

သို့ရာတွင် ထိုဥပဒေကြမ်းအား ပယ်ချခဲ့သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြောကြားခြင်းမရှိဘဲ “ရှက်ဖွယ်ကောင်းသည့် ဥပဒေကြမ်း” ဟူသော စကားလုံးသုံးနှုန်းခြင်းဖြင့်သာ လက်မှတ် မရေးထိုးခဲ့ခြင်းကို တွစ်တာစာမျက်နှာမှတစ်ဆင့် အသိပေးခဲ့ခြင်း ဖြစ်သည်။

 

“ကျွန်တော်အနေနဲ့ ဥပဒေပြုလွှတ်တော်အမတ်တွေကို ဒီဥပဒေပြင်ဆင်ရေးဆွဲဖို့ တောင်းဆိုထားပါတယ်။ ပြည်သူတစ်ယောက်ကို ဒေါ်လာ ၆၀၀ မဟုတ်ဘဲ တစ်ဦးကို ဒေါ်လာ ၂၀၀၀၊ စုံတွဲတစ်တွဲကို ဒေါ်လာ ၄၀၀၀ စီပေးဖို့ပါ။ နောက်ပြီး ဥပဒေပြုလွှတ်တော်အနေနဲ့ အချိန်ကုန်မယ့် အရာတွေကို ဥပဒေပြုရေးကနေ ဖယ်ရှားပြီး အသုံးဝင်မယ့် ဥပဒေကြမ်းပဲ ကျွန်တော့်ဆီ အမြန်ပို့ပေးပါ” ဟု ပြောကြားသည်။ သမ္မတထရမ့်၏ ယခုလို ငြင်းဆန်မှုက အလုပ်လက်မဲ့နှုန်း လျှော့ချရေးနှင့် ဝယ်လိုအား မြင့်မားလာရေး ကြိုးပမ်းနေသည့် အမေရိကန်စီးပွားရေး နာလန်ထူမှုအတွက် ထိခိုက်မှုရှိလိမ့်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။

 

ဥပဒေပြုလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေကြမ်းသည် “ကိုရိုနာဘတ်စ်” ဟု အမည်ရသည့် စာမျက်နှာ  ၅၅၃၉ ရှိသည့် ကိုဗစ် -  ၁၉ သက်သာ ချောင်ချိရေးဆိုင်ရာ ဥပဒေကြမ်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ အမေရိကန်အစိုးရက ကိုရိုနာဗိုင်းရပ်စ် သက်သာချောင်ချိရေး အစီအစဉ်တစ်ခုတည်း အတွက်ပင် ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံ သုံးစွဲသွားမည်ဖြစ်သည်။

 

ကိုးကား - စီအင်န်အေ

ဘာသာပြန် - မေလဲ့သင်း