ကော့သောင်း၊ ၂၄ ဇန်နဝါရီ
ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလအတွင်း ကော့သောင်းမြို့၊ သူဌေးကျွန်းပေါ်ရှိ ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် မွေးမြူရေးပုစွန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဇန်နဝါရီ ၂၄ ရက်က ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကော့သောင်းမြို့ သူဌေးကျွန်းပေါ်ရှိ Grand Andaman Co.,Ltd ၏ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းသည် ကျွန်းပေါ်ရှိမြေဧရိယာ ၁၂၄ ဧက ကျော်အား ခေတ်မီနည်းစနစ်ဖြင့် ရေငန်ပုစွန်ဖြူများ မွေးမြူထားရှိပြီး တစ်ခုတည်းသော ခေတ်မီသိပ္ပံနည်းကျ မွေးမြူသော ပုစွန်ကန်တစ်ခုဖြစ်ကာ လုပ်သားအင်အား ၁၀ဝ ခန့်နှင့် မှီခိုမိသားစုများ အပါအဝင် အလုပ်သမား ၄၀၀ ကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် နေထိုင်ရန် စီစဉ်ထားရှိပေးထားသည်။ COVID ကာလတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုများ စီမံဆောင်ရွက်ပေးထား၍ လုပ်ငန်းများ လည်ပတ်လျက်ရှိရာ ဖေါ်ထုတ်ရရှိသည့် ပုစွန်များအား ယခင်က ဟိုတယ်တွင်သုံးသော်လည်း၊ ယခု ကိုဗစ်ကာလအတွင်း ထိုင်းနိုင်ငံသို့တင်ပို့ကာ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများ ရှာဖွေပေးလျက်ရှိသည်။
ပြည်ပပို့ကုန်အဖြစ် ဇန်နဝါရီ ၂၄ ရက်က မွေးမြူရေးပုစွန်ဖြူ ၅ ဒသမ ၈၅ တန် တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ၂၀၁၉-၂၀၂၀ နှင့် ယခုနှစ် ၂၀၂၀-၂၀၂၁ ဇန်နဝါရီလအထိ ခေါက်ရေ ၁၂ ခေါက်၊ တန်ချိန် ၆၉ ဒသမ ၈၅ တန်၊ တန်ဖိုးဒေါ်လာ သုည ဒသမ ၁၂၉ သန်း တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးသန့်ဇင်၏ ပြောဆိုချက်အရ သိရသည်။
ကျော်စိုး (ကော့သောင်း)


