ဟားခါး ၇ ဧပြီ
ချင်းပြည်နယ်အတွင်း လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease -2019 (ကိုဗစ်-၁၉)ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်များက ချင်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချင်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အဘက်ဘက်မှ လှူဒါန်း ပေးကြသည့် အလှူရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူရှင်များ ထပ်မံလှူဒါန်းနိုင်ရေး ကြိုဆိုလျက်ရှိပါကြောင်း၊ အလှူခံရရှိသော အလှူငွေများအား လိုအပ်သည့်နေရာများတွင် အကျိုးရှိ ထိရောက်စွာ အသုံးချသွားမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် လှူဒါန်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ IME FOUNDATION မှ ငွေကျပ် (၁၀ဝ၃၇၅၀ဝ)၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ငွေကျပ် သိန်း (၂၀) ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လမ်းဦးစီးဌာနမှ ငွေကျပ်သိန်း(၂၀)၊ တံတားအထူးအဖွဲ့(၁)မှ ငွေကျပ် (၁၀)သိန်း၊ ဆက်သွယ်ရေး ကုမ္ပဏီများမှ ငွေကျပ်သိန်း(၈၀)၊ အဆောက်အဦး အထူးအဖွဲ့(၉)မှ ငွေကျပ်(၁၀)သိန်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဇနီးဒေါ်စန်းစန်းမိုးမိသားစုမှ ငွေကျပ်(၁) သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးဆန်းထွန်းစိန်နှင့်မိသားစုမှ ငွေကျပ်(၁)သိန်း၊ ပြည်နယ်သမ ဝါယမဦးစီးဌာနမိသားစုမှငွေကျပ်(၃)သိန်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ငွေကျပ်(၂)သိန်း၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ငွေကျပ်(၂)သိန်း၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ငွေကျပ် (၂)သိန်းနှင့် ဆေးနှင့်ဆေးပစ္စည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းသုံး ပစ္စည်းများကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပေးအပ်လှူဒါန်းရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


