ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကာကွယ်ဆေးနှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းထုတ်လုပ်မှုနဲ့ ထိုးနှံထားမှုတွေကြောင့် ကိုဗစ်ကာလမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တဲ့ ခရီးသွားကဏ္ဍအပေါ် မျှော်လင့်ချက်တွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ ခရီးသွားကဏ္ဍကို ပြန်လည် မြှင့်တင်ဖို့ကြိုးပမ်းနေတဲ့ နိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားနိုင်ငံလည်း တစ်နိုင်ငံ အပါအဝင် ဖြစ်ပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်က အရှေ့တောင် အာရှ၌ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေအတွက် နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ပေးမှုနဲ့ ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်ကြောင်း ပြောပါတယ်။ ခရီးသွားလာရေးဝန်ကြီး သောင်ခွန်က ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံခြားခရီးသွားဧည့်သည် တစ်သန်းနဲ့ ပြည်တွင်းခရီးသွား ရှစ်သန်းအထိ လာရောက်လည်ပတ်ဖို့ မျှော်လင့်ထား တယ်လို့ မကြာသေးမီက ပြောကြားထား ပါတယ်။

 

ခရီးသွားဧည့်သည် ငါးသိန်းကျော် လာရောက်လည်ပတ်

 

ဒါ့အပြင် ၎င်းက ယခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ငါးသိန်းကျော် ကမ္ဘောဒီးယား နိုင်ငံကို လာရောက်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်က အလားတူကာလနဲ့ နှိုင်းယှဉ်ကြည့်ရင် ၃၉၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး လာရောက်လည်ပတ်တဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်အများစုဟာ အင်ဒို- နီးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ပြင်သစ်၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

 

လက်ရှိဝင်ရောက်လာ တဲ့ ခရီးသွား ဧည့်သည်တွေရဲ့ ကိန်းဂဏန်းအချက်အလက်ကို အခြေခံတွက်ချက် ကြည့်မယ်ဆိုရင် “ ၂၀၂၂ ခုနှစ်မှာ လာရောက်လည်ပတ်တဲ့ နိုင်ငံခြား ခရီးသွားဧည့်သည် တစ်သန်းခန့်ရှိနိုင်ကြောင်း မျှော်လင့်ထားသလို ၂၀၂၃ ခုနှစ်မှာ နိုင်ငံခြားခရီးသွားဧည့်သည် ထိုပမာဏထက် နှစ်ဆခန့်အထိ တိုးမြင့် လာရောက်လည်ပတ်နိုင်ဖို့ မျှော်လင့် ထားတယ်” လို့ ဝန်ကြီးဌာနရဲ့ သုံးရက် ကြာပြုလုပ်တဲ့ အစည်းအဝေးနောက်ဆုံး နေ့မှာ ခွန်ကပြောပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့စီးပွားရေးကို အထောက်အကူ ပြုတဲ့ မဏ္ဍိုင်လေးခုအနက်တစ်ခုဖြစ်တဲ့ ခရီးသွားကဏ္ဍအနေနဲ့ ၂၀၂၆ သို့မဟုတ် ၂၀၂၇ ခုနှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီကာလက လာရောက် လည်ပတ်တဲ့ အတိုင်းအတာအထိ ရောက်ရှိရန် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

 

အချိန်တစ်ခုအထိ စောင့်ဆိုင်းရဖွယ်ရှိ

 

ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံခြား ခရီးသွားဝင်ရောက်မှု တဖြည်းဖြည်းမြင့်တက်လာလျက်ရှိပေမယ့် ကိုဗစ် မတိုင်ခင်ကာလက ဝင်ရောက်မှုနှုန်းကို လိုက်မီဖို့တော့ အချိန်တစ်ခုအထိ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ ပြည်တွင်း ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ မက်ဆာဗုသာက လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မိသားစု စားဝတ်နေရေး ထောက်ပံ့ပေးဖို့အတွက် အွန်လိုင်းကနေ အင်္ဂလိပ်စာသင်ကြား ခဲ့ရကြောင်း၊ ယခုအခါမှာ နယ်စပ်ဂိတ် တွေပြန်လည် ဖွင့်လှစ်ပေးမှုနဲ့အတူ ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးမှု ပြုလုပ်ထားတာကြောင့် ဧည့်လမ်းညွှန်လုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရေး မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီဆိုရမှာဖြစ်ကြောင်း ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အန်းကောဝပ် ရှေးဟောင်းနယ်မြေကို ဂျာမနီနိုင်ငံမှ ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ ဟန်နာက ပြန်လည်ဆန်းသစ်ထားတဲ့ အန်းကောဝပ်နဲ့ လူအများကြီးမရှိမှုက အတွေ့အကြုံသစ်တွေကို ရရှိစေတယ်လို့ ပြောပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်ဂိတ်များ ပိတ်ခြင်းနဲ့ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ပြီးခဲ့တဲ့ နှစ်မှာ ဝင်ငွေဆုံးရှုံးမှု များစွာဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယား နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု ၁ ဒသမ ၃ သန်းသာရှိခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ်က နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှုနဲ့ နှိုင်းယှဉ်ကြည့်ရင် ၈၀ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ ၁၉၆၄၉၅ ဦးသာ လာရောက်လည်ပတ်ခဲ့ တာကြောင့် ၈၅ ရာခိုင်နှုန်းခန့် ကျဆင်း ခဲ့တယ်လို့ ခရီးသွားလာရေး ဝန်ကြီးဌာန ရဲ့ဖော်ပြချက်အရ သိရပါတယ်။

 

အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံ ဝင်ငွေရရှိ

 

ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်မှာ နိုင်ငံခြားခရီးသွားဧည့်သည် ၆ ဒသမ ၆ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး အဆိုပါ ခရီးသွားများထံမှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံ အထိ ဝင်ငွေရရှိခဲ့တယ်လို့ ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါ တယ်။ လတ်တလော ကမ္ဘောဒီးယား နိုင်ငံမှာ ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ၂၄ ခုရှိပြီး ယခုနှစ် ပထမနှစ်ဝက်အတွင်း ပျံသန်းပြေးဆွဲမှု အကြိမ်ရေ ၂၂၁၄ ကြိမ်ရှိကာ တစ်နှစ်ထက်တစ်နှစ် ၁၄၁ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ထိုးနှံထားပြီးဖြစ်တယ်လို့ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါ တယ်။ နိုင်ငံခြားခရီးသွားတွေအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ခရီးမသွားမီ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးစရာ မလိုသော်လည်း နိုင်ငံတွင်းဝင်ရောက်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့် ထိုးနှံထားတဲ့ အထောက်အထားလက်မှတ် လိုအပ်တယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကိုရောက်လာပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံထားတဲ့ နိုင်ငံခြား ခရီးသွားတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့ တစ်ကြိမ်ကို အမေရိကန် ဒေါ်လာငါးဒေါ်လာ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

 

အိုမီခရွန် မျိုးကွဲ BA.4 နဲ့ BA.5 ကူးစက်မှုတွေ့ရှိ

 

လက်တလောမှာ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံ တွေမှာ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက် ခံရသူတွေ တွေ့ရှိနေပါသေးတယ်။ ကမ္ဘောဒီးယား နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိတဲ့ ရက်ပေါင်း ၅၀ ကြာပြီးနောက်မှာတော့ အိုမီခရွန် မျိုးရိုးဗီဇပြောင်း မျိုးကွဲနှစ်မျိုးဖြစ်တဲ့ BA.4 နဲ့ BA.5 ကူးစက်မှုတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်ထားပါတယ်။ အိုမီခရွန် မျိုးကွဲ BA.4 နဲ့ BA.5 ဟာ အိုမီခရွန်နဲ့ တခြားဗီဇပြောင်း ဗိုင်းရပ်စ်တွေထက် ကူးစက်မှုပိုမြန်ကြောင်း အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရတယ်။

 

ဒါ့အပြင် ဇူလိုင် ၁၆ ရက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၁၆ ဦးရှိပြီး ဇူလိုင် ၁၇ ရက်မှာ ၁၈ ဦး ထပ်မံကူးစက်ခံရကြောင်း ဖနောင်ပင်ပို့စ်ရဲ့ ဖော်ပြချက်အရ သိရပါ တယ်။ ဇူလိုင် ၁၇ ရက်အထိ ကမ္ဘောဒီးယား နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၆၄၅၅ ဦး ရှိပြီး ၁၃၃၂၉၁ ဦး ပြန်လည် သက်လာပြီလို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ အဲ့ဒီရောဂါကြောင့် သေဆုံးသူ ၃၀၅၆ ဦး အထိရှိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ အဲ့ဒီလို ကိုဗစ်-၁၉ ရောဂါတစ်ကျော့ ပြန်ကူးစက်လာခြင်းက ခရီးသွားကဏ္ဍကို ပြန်လည် မြှင့်တင်ဖို့ကြိုးပမ်းနေတဲ့ မျှော်လင့်ချက် အလုံးစုံ အကောင်အထည်ဖော်ဖို့ အခက်တွေ့ဖွယ် ရှိနေပါတယ်။

 

ကိုးကား-ဆင်ဟွာ