ထွန်းသစ်စ
ကိုဗစ်-၁၉ ဒုတိယဝဲဂယက် ပြန်လည်ရိုက်ခတ်လာတဲ့အတွက် ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်ဟာ မျှော်လင့်စောင့်စားနေတဲ့ နယူးဇီလန်နိုင်ငံရဲ့ ရွေးကောက်ပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ရွှေ့ဆိုင်းလိုက်ရပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က အောက်ကလန်မှာ ကိုဗစ်-၁၉ ကို တစ်ကျော့ပြန် တွေ့ရှိခဲ့ပြီးနောက် မူလသတ်မှတ်ထားတဲ့ စက်တင်ဘာ ၁၉ ရက် ဆန္ဒမဲပေးမှုကို ရွှေ့ဆိုင်းလိုက်တဲ့အတွက် အာဒန်ဟာ နိုင်ငံရေးပြိုင်ဘက်တွေနဲ့ သူ့ရဲ့ ညွန့်ပေါင်းမိတ်ဖက်တွေရဲ့ ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အဲဒီလို ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို တွေ့ရှိခဲ့တဲ့အတွက် နိုင်ငံရဲ့ အကြီးဆုံးမြို့ကို အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အားခဲထားသူတွေ အားလျော့
ရက်ပေါင်း ၁၀၂ ရက်ကြာပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ပြန်လည်တွေ့ရှိလိုက်ခြင်းက နယူးဇီလန်နိုင်ငံသားတွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်စေခဲ့သလို စက်တင်ဘာရွေးကောက်ပွဲမှာ မဲပေးဖို့ အားခဲထားသူတွေအတွက်လည်း အားလျော့မှုတွေ ဖြစ်စေခဲ့ပါတယ်။
အများဆန္ဒ သဘောထားကောက်ယူမှုမှာ အမြင့်ဆုံးနေရာမှာရှိနေတဲ့ ဗဟိုလက်ဝဲယိမ်းခေါင်းဆောင်က မဲဆွယ်စည်းရုံးမှုတွေကို ထိန်းချုပ်ဟန့်တားလိုက်ခြင်းက ရွေးကောက်ပွဲအပေါ် မညီမျှစေဘဲ လက်ရှိအစိုးရကို ဦးစားပေးသလို ဖြစ်စေမယ်ဆိုတဲ့ ပြိုင်ဘက်တွေရဲ့ စိုးရိမ်မှုတွေနဲ့ ငြိုငြင်မှုတွေကိုလည်း နားလည်ထားပါတယ်လို့ ပြောကြားလိုက်ပါတယ်။ ။
အောက်တိုဘာ ၁၇ ရက်မှာ ကျင်းပမယ်
သီတင်းပတ်အဆုံးမှာ ပါတီခေါင်းဆောင်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆွေးနွေးညှိနှိုင်းပြီးနောက်မှာ သူက ရွေးကောက်ပွဲကို အောက်တိုဘာ ၁၇ ရက်မှာ ပြန်လည်ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။
အာဒန်က အခုလိုအပြောင်းအလဲက ပါတီတွေအားလုံး တူညီတဲ့ အခြေအနေအောက်မှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်နိုင်တယ်လို့ဆိုလိုက်ပြီး နောက်တစ်ခါ ဘယ်လိုအခြေအနေမျိုးပဲရှိရှိ ရွေးကောက်ပွဲ သတ်မှတ်ရက်ကို ပြောင်းသွားမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ မိမိအနေနဲ့ ဒီပေးထားတဲ့အချိန်ကနေပြီး ထပ်ပြောင်းတော့မှာ မဟုတ်ဘူးလို့ သူကပြောလိုက်ပါတယ်။
မဲဆွယ်စည်းရုံးမှုတွေကို ခဏတာရွှေ့ဆိုင်း
အခုလိုဆုံးဖြတ်ချက်က ပါတီတွေအားလုံးကို မဲဆွယ်စည်းရုံးမှုတွေ လုပ်ဖို့ နောက်ထပ်အချိန် သီတင်းပတ် ကိုးပတ်ပေးလိုက်တာဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့လည်း ရွေးကောက်ပွဲကို ဆက်လက်ကျင်းပဖို့ အချိန်လုံလုံလောက်လောက် ရရှိမှာဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်က ကိုဗစ်- ၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလာတဲ့အတွက် ပါတီတွေအားလုံး ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးမှုတွေကိုတော့ ခဏတာ ရွှေ့ဆိုင်းထားရပါတယ်။
ဗိုင်းရပ်စ်တွေ့ရှိခဲ့
လွန်ခဲ့တဲ့သီတင်းပတ်အစောပိုင်းက အောက်ကလန်မှာ နေထိုင်တဲ့ မိသားစုဝင်လေးဦးမှာ ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကို စမ်းသပ်တွေ့ရှိခဲ့ပြီး တနင်္လာနေ့မှာတော့ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုဟာ ၅၈ ဦး အထိ ရောက်ရှိလာခဲ့ပါတယ်။ သူတို့ထဲက ငါးယောက်ကတော့ ဆေးရုံတင်ထားလိုက်ရပါပြီ။ ကိုဗစ် -၁၉ ဟာ လွန်ခဲ့တဲ့နှစ် နှောင်းပိုင်းက တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ဖြစ်ပေါ်လာပြီးတော့ ကမ္ဘာအနှံ့ အကြားအလပ်မရှိအောင် ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ အခုဆိုရင် ကိုဗစ် - ၁၉ ကူးစက်ခံ ရသူပေါင်းဟာ ကမ္ဘာပေါ်မှာ ၂၁ သန်းနီးနီး ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
တောင်ပစိဖိတ်နိုင်ငံဖြစ်တဲ့ နယူးဇီလန်ဟာ ဗိုင်းရပ်စ် မပျံ့နှံ့အောင် တားဆီးထိန်းချုပ်တဲ့နေရာမှာ တခြားကမ္ဘာ့ နိုင်ငံတွေလိုပဲ တူညီတဲ့မဟာဗျူဟာကို လိုက်နာကျင့်သုံးခဲ့ပါတယ်။ ကိုဗစ် - ၁၉ တွေ့ရှိတဲ့သူတွေကို သီးသန့်ခွဲထားပြီး အခြေအနေကို စောင့်ကြည့်အကဲခတ်ခြင်း၊ ကူးစက်မှု ဖြစ်ပွားရာလမ်းကြောင်းတွေကို ခြေရာခံခြင်းနှင့် ကိုဗစ် - ၁၉ စစ်ဆေးမှုတွေကို အကြီးအကျယ် လုပ်ဆောင် ခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ကျော်ကြားမှုကို မြင့်တက်စေ
အစောပိုင်း အောင်မြင်မှုတွေဟာ ဝန်ကြီးချုပ်အာဒန်ရဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှုန်းတွေကို ရာခိုင်နှုန်း ၆၀ လောက်အထိ မြှင့်တင်ပေးသလိုဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း ဘာသာရေးအဆောက်အအုံ တိုက်ခိုက်ခံခဲ့ရတာနဲ့ ကျွန်းဖြူမီးတောင်ပေါက်ကွဲမှုကို ထိန်းချုပ်ကိုင်တွယ်ခဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့ဦးဆောင်မှုတွေဟာ လူသိများလာခဲ့ပါတယ်။
အာဒန်ရဲ့ အလုပ်သမားပါတီဟာ သူ့ရဲ့သေးငယ်တဲ့ ပါတီမိတ်ဖက်တွေဖြစ်တဲ့ ဂရင်းနဲ့နယူးဇီလန်ဖတ်စ် (အင်န်ဇက်အက်ဖ်) မပါဘဲ အောင်မြင်မှုရရှိဖို့ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေပါတယ်။
ပိုလို့တောင်သဘောကျမယ်
သူ့ရဲ့ အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ါတီဟာ လွန်ခဲ့တဲ့သီတင်းပတ်က ရွေးကောက်ပွဲကို နိုဝင်ဘာ နှောင်းပိုင်းအထိ ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါမှမဟုတ် နောက်နှစ်အထိ ရွှေ့ဆိုင်းပေးမယ်ဆိုရင် ပိုလို့တောင် သဘောကျသေးတယ်လို့ ပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၁၉ ရက်ဟာ ဘယ်လိုမှ အဆင်မပြေဘူးလို့ ပြောကြားထားပါတယ်။
ကိုဗစ် - ၁၉ ကြောင့် အကြိတ်အနယ်ဆွေးနွေးနေရတဲ့ စက်တင်ဘာ ရွေးကောက်ပွဲကို အာဒန်ရဲ့ မိတ်ဖက် ပါတီဖြစ်တဲ့ အင်န်ဇက်အက်ဖ်က ရွှေ့ဆိုင်းဖို့ ထောက်ခံခဲ့ပါတယ်။
အများသဘောတူဆန္ဒက အောင်မြင်မယ်
အများသဘောတူဆန္ဒက အောင်မြင်မှုရမှာပဲလို့ အင်န်ဇက်အက်ဖ်ပါတီရဲ့ ခေါင်းဆောင် ဒုတိယဝန်ကြီးချုပ် ဝင်စတန်ပီတာက ပြောကြားလိုက်ပါတယ်။ လက်ရှိ သဘောထားစစ်တမ်းမှာ သူ့ရဲ့ ပါတီဟာ အခြေအနေ သိပ်မကောင်းတာကို တွေ့ရပါတယ်။ ။
အလုပ်သမားပါတီရဲ့ တခြားမိတ်ဖက်ပါတီတစ်ခုဖြစ်တဲ့ ဂရင်းစ်ပါတီက နောက်ထပ်သီတင်းပတ် လေးပတ်လောက် ရွှေ့ဆိုင်းပေးလိုက်တာက ကျန်းမာရေး အာဏာပိုင်တွေကို အောက်ကလန်မှာဖြစ်တဲ့ ကိုဗစ် - ၁၉ အစုလိုက်ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် အချိန် အတိုင်းအတာ တစ်ခုပေးလိုက်သလိုပါပဲလို့ ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးအမြတ်ထုတ်မယ်
သို့သော်လည်း တွဲဖက်ခေါင်းဆောင် ဂျိမ်းရှော ကတော့ တချို့ပါတီတွေအနေနဲ့ ဒီအခြေအနေပေါ်မှာ နိုင်ငံရေး အမြတ်ထုတ်မယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ကိုဗစ် - ၁၉ ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ဖြစ်ပေါ်တာကအစိုးရရဲ့ လူကြိုက်များမှုကို ထိခိုက်မှုတွေဖြစ်စေနိုင်တယ်လို့ ပြောလိုက်ပါတယ်။
အမျိုးသားပါတီနဲ့ တခြားပါတီလေးတွေက ဒီအခြေအနေအပေါ် နိုင်ငံရေးအကျိုးအမြတ်အတွက် ကွက်တိဖြစ်အောင်လို့ ကြိုးစားဆောင်ရွက်နေတာကို တွေ့ရတာ စိတ်ပျက်စရာကောင်းတယ်လို့ တွဲဖက် ခေါင်းဆောင် ဂျိန်းကျော်က ပြောကြားလိုက်ပါတယ်။
အစားအစာတွေကမကူးစက်နိုင်
ဒီဗိုင်းရပ်စ်ဟာ အရင်က နယူးဇီလန်နိုင်ငံမှာ မဖြစ်ပွားခဲ့တာကြောင့် နိုင်ငံခြားက ပါလာသလားဆိုတာကို အသေအချာ စစ်ဆေးနေတယ်လို့ နယူးဇီလန်ကျန်းမာရေး ညွှန်ကြားရေးမှူးချုပ် အက်ရှ်စလေ ဘလွန်းဖီးလ်က ပြောကြားလိုက်ပါတယ်။ သို့သော်လည်း သူက ပြည်သူလုထုကို ဈေးဝယ်ကုန်တိုက်တွေက အအေးခံစားသောက် ကုန်တွေဟာ အန္တရာယ်မရှိကြောင်း၊ စိတ်ချလက်ချ သုံးနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီနေ့အထိ အစားအသောက်က ကိုဗစ် - ၁၉ ကူးစက်တယ်ဆိုတဲ့ သက်သေအထောက်အထား မရှိသေးကြောင်းလည်း သူက ဆက်လက် ပြောကြားခဲ့ပါတယ်။ အကယ်၍ ဗိုင်းရပ်စ်က ပါလာခဲ့တယ်ဆိုရင်တောင် အသေအချာ ချက်ပြုတ်စားသောက်ရင် သေသွားနိုင်ပါတယ်။ သို့သော်လည်း လူကနေလူကို ကူးစက်နိုင်တယ်ဆိုတဲ့ ယူဆချက်ကတော့ အသေချာဆုံးပါပဲလို့ သူက ပြောကြားလိုက်ပါတယ်။ ။
ကိုးကား - အေအက်ဖ်ပီ