နေပြည်တော် ဇူလိုင် ၂၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး မြေပြင်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ လိုအပ်ချက်များဖော်ထုတ်ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိစေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့်လည်းကောင်း ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့မှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း Online စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က လက်ရှိအချိန်တွင် ကရင် ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ရောဂါအပြင် သဘာဝဘေးကိုပါ စတင်ကြုံတွေ့ နေရပါကြောင်း၊ တတိယလှိုင်းတွင် ကြုံတွေ့နေရသည့် မျိုးကွဲဗိုင်းရပ်စ်သည် ပိုမိုကူးစက်မှုမြန်ပြီး ပိုမိုပြင်းထန်သဖြင့် ယခင်ကအသက်(၆၀)ကျော်များသာ သေဆုံးမှုများ ရှိခဲ့သော်လည်း ယခုအခါကျန်းမာသန်စွမ်းသူများပင် သေဆုံးမှုများရှိနေပါကြောင်း၊ တတိယလှိုင်းတွင် ထူးခြား ချက်အနေဖြင့် ဆရာဝန်သူနာပြု အင်အားမလုံလောက်မှုများလည်း ကြုံတွေ့နေရပါကြောင်း၊ ယခုတတိယလှိုင်း ဖြစ်ပွားသည့်ကာလတွင် အောက်ဆီဂျင်လိုအပ်ချက်ပြဿနာ ထပ်တိုး ရင်ဆိုင်လာရသည့်အတွက် နိုင်ငံတော်မှ ဝယ်ယူပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ယခုနိုင်ငံတော်မှ ကာကွယ်ဆေးကို အရှိန်အဟုန်ဖြင့်ထိုးနှံရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ လူထု၏ ကျန်းမာရေးကိုပါဝင်ကူညီရာတွင် သက်ဆိုင်ရာမြို့နယ်များအလိုက် နိုင်ငံတော်မှ ဖွဲ့စည်းထားသည့်ထိန်းချုပ် တုံ့ပြန်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလို ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်(၈)ခုမှ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်း ကိုယ်စားလှယ်များက ဒေသအလိုက် ကြုံတွေ့နေရသည့် အခက်အခဲ၊ ပံ့ပိုးပေးရန်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


