ကော့သောင်း သြဂုတ် ၃၁

ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေးနှင့်အရေးပေါ်လုပ်ငန်းများတွင်တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုက ယမန်နေ့မွန်းလွဲပိုင်းက PPE level 2 ဝတ်စုံ နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ် လှူဒန်းခဲ့ကြောင်းသိရသည်။ 

ကိုဗစ်၁၉ကူးစက်ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်စဉ်တစ်လျှောက် နေရာမရွေးပိုးသတ်ဆေးဖြန်းခြင်း၊ ပိုးတွေ့လူနာများအား ဝေးလံခေါင်ဖျားသည့်အရပ်မှ ကျန်းမာရေးဌာနသို့ ရောဂါထိန်းချုပ်နိုင်ရေး အချိန်နှင့် တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးခြင်း၊ ပြန်လည်ကျန်းမာလာသူများအား၎င်းတို့နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခြင်းစသည့်လုပ်ငန်းများတွင် ရောဂါကူးစက်မှုမြင့်တက်နေသည့်ကြားမှ တက်ကြွစွာ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကော့သောင်းမြို့၊ ရွှေအဏ္ဏဝါ ပရဟိတစေတနာ့ဝန်ထမ်းအဖွဲ့သို့ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးရည်ရွယ်ကာ  ကော့သောင်းမြို့ ၊ ရွှေပြည်သာရပ်ကွက်မှ ကွယ်လွန်သူဒေါ်ဝင်းကြည်(ခ)ဒေါ်ရှမ်းမ အားရည်စူး၍ ကျန်ရစ်သူခင်ပွန်းနှင့် သားသမီးများမှPPE level 2 ဝတ်စုံ ၂၅စုံ၊ ခြေအိတ် ၂၅ စုံ၊ 95mask ၂၅ ခု၊ လက်အိတ်၂၅ စုံ၊ မျက်မှန် နှစ် ဒါဇင်အား လှူဒါန်းပေးအပ်ခြင်းဖြစ်သည်။

အဆိုပါ ပရဟိတအဖွဲ့အနေဖြင့် မြို့နယ်အတွင်းကျန်းမာရေးကိစ္စများ၊ အရေးပေါ် ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ လိုက်ပါကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)