mdn

ထန်းတပင် ဩဂုတ် ၉

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သြဂုတ်လ (၁)ရက်မှ သြဂုတ်လ(၇)ရက်အထိ စုရပ်နေရာ(၈)ခုတို့တွင် ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိရာ စုရပ်နေရာ (၈)ခုတို့တွင် ကာကွယ်ဆေးထိုးနှံပြီးသူ(၃၁၈၈)ဦးရှိကြောင်းသိရပြီးဆေးထိုးနှံရေးလုပ်ငန်း စဉ်များကိုလည်း ကာကွယ်ဆေး ထပ်မံရရှိမှုအပေါ်မူတည်၍ ဆက်လက်ကာဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းလည်းသိရသည်။

 

ထန်းတပင်မြို့နယ်အတွက် ခွဲတမ်းက ကာကွယ်ဆေးအလုံးရေ လောလောဆယ်(၁၆ဝဝ)ရတယ် အဲဒါကိုသြဂုတ်လ(၁)ရက်နေ့ကနေ သြဂုတ်လ(၇)ရက်နေ့အထိ စုရပ်(၈)နေရာမှာ လူဦးရေ သုံးထောင် ကျော်ကိုထိုးနှံပေးပြီးသွားပြီပေါ့ ကာကွယ်ဆေးထပ်မံထိုးနှံပေးဖို့ကြတော့ ကာကွယ် ဆေး နောက်ထပ် ရတဲ့အပေါ်မှာမူတည်နေတာပေါ့ လက်ရှိကာကွယ်ဆေးကလောလောဆယ် မရသေးတော့ ဆေး ထပ် ရမှာဘဲ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကို ဆက်လက်ပြီးတော့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဟု ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းနိုင်ကရှင်းပြသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း ထန်းတပင်မြို့မ အားကစားကွင်း၊ တက်သစ်တိုက်နယ် ဆေးရုံ၊ အ.ထ.က(ကျူတော)ကျောင်း၊ အ.ထ.က(ခွဲ)အုတ်ဖိုကျောင်း၊ လှည်းဆိပ်တိုက်နယ်ဆေးရုံ၊ နဲသမိန် တိုက်နယ်ဆေးရုံ၊ ဒိတ်ကုန်ဘုန်းတော်ကြီးကျောင်းနှင့်အေးမြို့ဓမ္မာရုံစုရပ်နေရာ(၈)ခုတို့တွင်ထိုးနှံပေး ခဲ့ခြင်း ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးစီးသည့်ဦးရေအနေဖြင့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် (၁၉၇)ပါး၊ အသက်(၆၅)နှစ်အထက်အဘိုးအဘွား (၁၆၅၁)ဦး၊ နိုင်ငံ့ဝန်ထမ်း (၂၅၆)ဦး၊ နိုင်ငံ့ဝန်ထမ်း မိသားစု(၆၁၄)ဦး၊ စေတနာ့ဝန်ထမ်း(၄၃၂)ဦး၊ စျေးသူ/သား(၃၂)ဦးနှင့် အချုပ်သား(၆)ဦး စုစုပေါင်း (၃၁၈၈)ဦး ရှိကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)