ရန်ကုန် ၂၂ ဧပြီ
ဂျပန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံနှင့်အတူ လက်တွဲပူးပေါင်းခြင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အစွမ်းကုန်ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ကြေညာလိုက်သည်။
“ကိုဗစ်-၁၉ကူးစက်မှုက ပိုမိုပျံ့နှံ့လာပြီး မြန်မာနိုင်ငံက အခက်အခဲကြုံတွေ့နေရတဲ့ အခြေအနေမှာ ဂျပန်နိုင်ငံဟာ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့အတူတူ ရှိနေပါတယ်။ ဂျပန်နိုင်ငံဟာ အစိုးရ၊ ပုဂ္ဂလိက အတူတကွ ပူးပေါင်းပြီး မြန်မာနိုင်ငံသားတွေ အားလုံးရဲ့ အခက်အခဲကို ကျော်လွန်အောင်မြင်နိုင်စေဖို့ အလေးအနက် ဆုတောင်းမေတ္တာပို့သနေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ မာရုယာမာက ယနေ့တွင် ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးနိုင်ရန် ကူညီ
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(ဂျိုက်ကာ)မှ ဖေဖော်ဝါရီ ၂၅ ရက်တွင် ကိုဗစ်-၁၉ စစ်ဆေးမှုအကြိမ်ပေါင်း ၁၀၀၀ ခန့် ပြုလုပ်နိုင်သည့် PCR Test Kit များကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဂျပန်လူမျိုး ကျွမ်းကျင်ပညာရှင်များက စစ်ဆေးမှု နည်းစနစ်များအား သင်ကြားပြသပေးခြင်း၊ နည်းပညာများ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပေးခဲ့သဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ စစ်ဆေးဓာတ်ခွဲခဲ့ရသည့် အခြေအနေမှ လွန်မြောက်ကာ မြန်မာနိုင်ငံအတွင်းမှာပင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ရှိ မရှိကို စစ်ဆေးအတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ စစ်ဆေးမှုအရေအတွက် များပြားလာသည်ကို မြင်တွေ့ရသောကြောင့် ဧပြီ ၉ ရက်တွင်လည်း ဂျိုက်ကာမှ စစ်ဆေးမှု အကြိမ် ၁၀၀၀၀ စာ test kit များကို ထပ်မံပေးအပ်ခဲ့သည့်အပြင် ဧပြီ ၂ ရက်တွင်လည်း စစ်ဆေးမှုအကြိမ် ၁၀၀၀၀ စာ test kit များကို ထပ်မံလွှဲပြောင်းပေးအပ်သွားမည်ဟု သိရှိရသဖြင့် စုစုပေါင်း စစ်ဆေးနိုင်မှု အကြိမ် ၂၁၀၀၀ ခန့် ပြုလုပ်နိုင်မည်ဖြစ်သည်။
ကျန်းမာရေးဝန်ထမ်းများအတွက် ကူးစက်ကာကွယ်မှုဆိုင်ရာ လေ့ကျင့်သင်ကြားရေး ရုပ်သံအစီအစဉ်များကို ဂျိုက်ကာမှ ရိုက်ကူးပေးနိုင်ခဲ့သည်ကိုလည်း မြင်တွေ့ရသည်။ ဧပြီ ၁၄ ရက်တွင် ဓာတ်ခွဲနမူနာစစ်ဆေးမှုများကို ပိုမိုတိကျစွာနှင့် လုံခြုံမှုရှိစွာ ဆောင်ရွက်နိုင်ရေးအတွက် ဓာတ်ခွဲနမူနာများ ရယူခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်း စသည့်လုပ်ငန်းအဆင့်ဆင့်ကို တိတိကျကျ လုပ်ဆောင်နိုင်စေရန် ညွှန်ကြားချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ရုပ်သံအစီအစဉ်ကိုလည်း ရိုက်ကူးပေးနိုင်ခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ထမ်းများသို့ ရောဂါကူးစက်မှု ကာကွယ်ရန်အတွက် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ PPE ကို စနစ်တကျဝတ်ဆင်ခြင်းနှင့် ချွတ်၍စွန့်ပစ်ခြင်း နည်းစနစ်များကို သရုပ်ဖော်သင်ကြားပေးသည့် အစီအစဉ် ကိုလည်း ရိုက်ကူးပေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အင်တာနက်စာမျက်နှာနှင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ထုတ်လွှင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကုသရေးဆိုင်ရာ ပစ္စည်းများထောက်ပံ့
ဂျပန်စီးပွားရေးကုမ္ပဏီ KTAJIMA မှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့၏ မေတ္တာရပ်ခံချက်အရ ဧပြီ ၂၁ ရက်တွင် ဖောင်ကြီး ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၌ အသုံးပြုနိုင်ရန်အတွက် Medical Oxygen Gas များ ကူညီပေးအပ်ခ့ကြောင်း သိရသည်။
ဖောင်ကြီး ကိုဗစ်-၁၉ ရောဂါကုသရေးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ရှိပြီး ရုတ်တရက် တိုးပွားများပြားလာသော ရောဂါကူးစက်သူလူနာများကို ဆေးကုသမှုပေးနိုင်ရန်နှင့် စောင့်ကြပ်ကြည့်ရှုကာ ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်) တွင် မွမ်းမံပြင်ဆင်ထားသည့် ကုသရေးဌာနဖြစ်သည်။ ဆေးကုသရာတွင် လိုအပ်မည့် ကုသရေးဆိုင်ရာ စက်ကိရိယာ များကို ဂျပန်ကုမ္ပဏီက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ခင်ရတနာ