နေပြည်တော် ၂၂ မတ်
ကိုဗစ်-၁၉ကြောင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲကြုံတွေ့နေရသည့်အတွက် အလုပ်ဌာနများ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မတ် ၂၀ ရက်စွဲဖြင့် အမိန့် ကြော်ငြာစာအမှတ် ၆၃/ ၂၀၂၀ ကို ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်အရ လုပ်ငန်းများဆက်လက်လည်ပတ်နိုင်ရန်ရည်ရွယ်ကာ ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပုဒ်မ ၁၀ဝ နှင့်အညီ လူမှုဖူလုံရေးအာမခံကြေးများအား ပေးသွင်းရန်ကာလကို တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်းသိရှိရသည်။
လုပ်ငန်းဌာနများ၏ စီးပွားရေးအခြေအနေနှင့် ပြောင်းလဲလာသည့် လူမှုရေးလိုအပ်ချက်များကို ထောက်ရှုကာ ဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးများကို ဥပဒေပုဒ်မ ၁၈၊ နည်းဥပဒေ အပိုဒ် ၆၄ တို့အရ သက်ဆိုင်ရာလ ကုန်ဆုံးပြီးနောက် လဆန်း ၁၅ ရက်အတွင်း ပေးသွင်းရမည့်အစား သက်ဆိုင်ရာလ ကုန်ဆုံးပြီး သုံးလထက် နောက်မကျစေဘဲ ပေးသွင်းနိုင်ရန် အမိန့်ကြော်ငြာစာထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများ အခက်တွေ့နေပြီး အရေးပေါ် ကုစားရမည့်လုပ်ငန်းကဏ္ဍများအတွက် နိုင်ငံတော်မှ ချေးငွေများ ချထားပေးခြင်း၊ အခွန်နှုန်းများ လျော့ချခြင်းတို့အပြင် ယခုကဲ့သို့ လူမှုဖူလုံရေး အာမခံကြေးများအား စောင့်ဆိုင်းပေးခြင်းတို့ကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိရသည်။
ခင်ရတနာ


