လွိုင်ကော်  ၂၁ မေ

 

ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးအခြေအနေများနှင့်စပ်လျဉ်း၍ ပြန်လည် ဦးမော့လာစေရေး၊ ကိုဗစ်-၁၉ ကာလ အလွန်ဆက်လက် လုပ်ဆောင်သင့်သည့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြည်နယ်အတွင်းရှိ ဆက်စပ် အစိုးရဌာန ဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ပါဝင် ဆွေးနွေးခဲ့သည့် “ကိုဗစ်ကာလအလွန် စီးပွားရေးအခြေအနေ Online ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

23569

 

ဆွေးနွေးပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူး ဦးမျိုးလွင်၊ ပြည်နယ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှူး ဒေါ်မေမျိုးဇော်၊ ပြည်နယ်လူမှုဖူလုံရေး ဦးစီးဌာနမှူး ဒေါ်မြတ်မြတ်ဦး၊ SME Business Institute ဦးစိုးဟိန်း (အာဆီယံ စီးပွားရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ်)၊ ကယားပြည်အတွင်းရှိ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ ဦးလှမိုး၊ Gold Hotel မှ ဦးအာကာကျော်၊ ဆွေဆက် စတိုးဆိုင် လုပ်ငန်းရှင် ဦးမိုးထက်ပိုင်ဦးနှင့် SMEBI မှ Regional Director ဦးကောင်းထက်ပိုင်တို့မှ ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးထိခိုက်မှုရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအား အားပေးအမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင် (၃)ဦးမှ လုပ်ငန်းထိခိုက်မှု အခြေအနေများအား အသီးသီး တင်ပြဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များမှ မေးခွန်းများ အပြန်အလှန်မေးမြန်းခြင်းနှင့် ဌာနများမှ ပြန်လည် ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

ထို့နောက် ကိုဗစ်ကာလအလွန် ဆက်လက်လုပ်ဆောင် သင့်သည့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာများကို ဦးစိုးဟိန်း (အာဆီယံစီးပွားရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ်)မှ လိုအပ်သည်များ အကြံပြုဆွေးနွေး တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အားပေးစကား ပြောကြားခဲ့ကာ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

 

ဇော်မင်းထွန်း (ပြန်/ဆက်)