၁၄ ဇွန်

 

ကမ္ဘာတစ်လွှားတွင် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုနှုန်း အလွန်အမင်း များပြားမလာခင်ကတည်းက မြန်မာနိုင်ငံ၌ လက်ကို ဆပ်ပြာနှင့် ရေကိုအသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောခြင်း၊ လူစုလူဝေးကို ရှောင်ကြဉ်ခြင်း၊ ခြောက်ပေ ထက်မနည်း ကိုယ်ချင်းခွာ ခွာနေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ခြင်းတို့ကို ပညာပေးမှု လှုံ့ဆော်မှု၊ ကြေညာ သတိပေးမှု စသည့်နည်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ယင်းသည်ပင် ပြည်တွင်းကူးစက်ဖြစ်ပွားမှု များစွာနည်းပါး၍ ကိုဗစ် ကပ်ဘေးအန္တရာယ်မှ သက်သာကွင်းရှောင်နိုင်ခဲ့ခြင်း၏ အကြောင်း ရင်းတစ်ခု ဖြစ်ပါလိမ့်မည်။

 

ဒဗလျူ အိတ်ခ်ျအို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အပါအဝင် ကျန်းမာရေးနှင့်ပတ်သက်၍ သုတေသနပြုနိုင်စွမ်းအားကြီးသည့် နိုင်ငံကြီးများကလည်း အထက်တွင်ဆိုခဲ့သောလက်ဆေးခြင်း၊ လူစု လူဝေးရှောင်ကြဉ်ခြင်းတို့သာမက ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာဖုံးအကာအကွယ်များ ဝတ်ဆင်ခြင်းသည် များစွာအရေးပါကြောင်း ကြေညာသတိပေးလာခဲ့သည်။ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)သည် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ပြဿနာကို များစွာလျော့ပါး သက်သာစေခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ အရေးကြီးသည့် အချက်မှာ ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ သုံးစွဲရန်နှင့် စနစ်တကျ စွန့်ပစ်ရန် ဖြစ်ပါသည်။ ထိုသို့ စနစ်တကျသုံးစွဲရန်နှင့် စနစ်တကျ စွန့်ပစ်ရန်ဟူသော ကိစ္စသည် ပြည်သူလူထု သေသေချာချာ နားလည်သိရှိ၍ ကျကျနနလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

 

ယခုအခါ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်မှုကို ပြည်သူတို့အသိစိတ်ပြည့်ပြည့်ဖြင့် လိုက်နာဆောင်ရွက်နေသည်မှာ ကပ်ရောဂါဘေး ပျံ့နှံ့မှုတားဆီးကာကွယ်ရေးနှင့် ကင်းရှင်းရေးအတွက် အလွန်အင်မတန် အားရဖွယ် အခြေအနေဖြစ်ပါသည်။ ကပ်ရောဂါဘေးကင်းရှင်းရေးအတွက် အကောင်းဆုံးသော မျှော်လင့်ချက်များကို ပေးဆောင်နေပြီ ဖြစ်ပါသည်။

 

ထိုသို့ အသုံးပြုသည့်အချိန်တွင်လည်း နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊ အရောင်ပိုရင့်သည့် မျက်နှာပြင်ကို အပြင် ဘက်တွင် ထားရှိခြင်း၊ တပ်ဆင်သည့်အခါ၊ ဖယ်ရှားသည့်အခါတွင် လည်း ကြိုးမှသာ ကိုင်တွယ်ဖယ်ရှားခြင်း၊ လက်ဖြင့် မျက်နှာဖုံးကိုသော် လည်းကောင်း၊ နှာခေါင်း၊ မျက်လုံးနှင့် ပါးစပ်တို့ကိုသော် လည်းကောင်း လက်ဖြင့်မထိမိအောင် သတိပြုရှောင်ရှားခြင်း၊ မျက်နှာဖုံးကို မေးအောက်တွင် သိုင်းထားခြင်း၊ နားတွင် ချိတ်ထားခြင်း၊ လက်ဖြင့်ကိုင်ထားခြင်း၊ အခြားနေရာများတွင် ချထားခြင်း တို့ကို မပြုလုပ်ခြင်း စသည်ဖြင့် စနစ်တကျ တပ်ဆင်သုံးစွဲကြရ ပါသည်။

 

ဤနေရာတွင် ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင် ကာကွယ်မှု လိုအပ်သကဲ့သို့ အသုံးပြုပြီး နှာခေါင်းစည်းများကို စနစ်တကျ လျှော်ဖွပ်သန့်စင်ရန်နှင့် တစ်ခါသုံး နှာခေါင်းစည်းများ ဆိုလျှင် စနစ်တကျ စွန့်ပစ်ရန် အရေးကြီးပါသည်။

 

အချို့သော ပြည်သူလူထုအစိတ်အပိုင်းများတွင် ထိုစွန့်ပစ်မှု၏ အရေးပါမှုကို အမှတ်တမဲ့ဖြစ်ကာ အလွယ်တကူ စွန့်ပစ်နေကြ သည်ကို တွေ့မြင်ကြားသိနေရသည်။

 

အမှန်မှာ အသုံးပြုပြီး မျက်နှာဖုံးများကို စွန့်ပစ်ရာတွင် အဖုံးပါသော အမှိုက်ပုံးများအတွင်းသို့သာ လုံခြုံအောင်စည်းထုပ်ကာ စနစ်တကျစွန့်ပစ်သင့်ပါသည်။ စွန့်ပစ်ပြီးပါကလည်း လက်ကို စနစ်တကျ ဆေးကြောခြင်းပြုရမည် ဖြစ်ပါသည်။

 

အမှိုက်သိမ်းဆည်းသူများအနေဖြင့်လည်း အမှိုက်များကို ကိုင်တွယ်သိမ်းဆည်းရာတွင် လက်အိတ်စွပ်ထားခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း မျက်နှာဖုံးများကို စနစ်တကျဖုံးအုပ်တပ်ဆင်ထား ပြီးမှသာ အမှိုက်များကို သိမ်းဆည်းကြရန် လိုအပ်ပါကြောင်း၊ နှိုးဆော်လိုက်ရပါသည်။ ။

 

မြန်မာ့အလင်း