မန္တလေး၊ ၁၀ ဇန်နဝါရီ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်သော သန္တိသုခဆုတောင်းပြည့် မဟာနှီးဘုရားကြီးအား မြန်မာ့လက်မှုပညာ သဘာဝနှီးလက်ရာများအတိုင်း ကိုဗစ်အလွန်ကာလ၌ လာရောက်ဖူးမြော် လေ့လာနိုင်ကြောင်း အဆိုပါကျောင်းတိုက် ဆရာတော် အရှင်ဆန္ဒာဓိက (မန္တလေး) က မြွက်ကြားသည်။
အဆိုပါနှီးဘုရားကြီးကို ရက်လုပ်ပူဇော်ရန် ရတနာပုံကျောင်းတိုက် ပဓါန နာယက ဓမ္မကထိက ဆရာတော် အရှင်ဆန္ဒာဓိက (မန္တလေး) က ဦးဆောင်၍ မဟာနှီးဘုရားကြီးအား ရက်လုပ်သည့် ရှမ်းလူမျိုးနှီးပညာရှင် ဆရာတော် ဦးဝိမလဗုဒ္ဓိ အပါအဝင် ဆရာတော်/ သံဃာတော် (၈)ပါးတို့က ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် စတင်ရက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ပြီးစီးကာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဘုရားအနေကဇာတင်ခဲ့ပြီး ရတနာပုံကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နှီးဘုရားကြီးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ စတင်ရက်လုပ်တာပါ၊ ရက်လုပ်ပူဇော်တာက (၃)လလောက်ပဲကြာပြီး ၂၀၁၆ ခုနှစ် မတ်လမှာ ပြီးစီးခဲ့ပါတယ်၊ ပြင်ဦးလွင်က နှီးဘုရားကို ရက်လုပ်တဲ့ ပညာရှင်တွေပဲ လာရောက်ရက်လုပ်ပေးထားတာပါ၊ နှီးဘုရားကြီးရဲ့ ဉာဏ်တော်မှာ ပလ္လင်တော်မှ ရောင်ခြည်တော်အဝိုင်းထိ (၂၁)ပေ မြင့်မားပြီး ဓမ္မစကြာတရား ဟောကြားနေဟန်အဖြစ် စံပယ်တော်မူလျက်ရှိရာ မြန်မာ့လက်မှုပညာ သဘာဝနှီးလက်ရာများအတိုင်း လေ့လာဖူးမြော်နိုင်အောင် ထိန်းသိမ်းထားပါတယ်၊ ယခုအချိန်က ကိုဗစ်ကာလဆိုတော့ အများပြည်သူများ လာရောက်ဖူးမြော်လို့တော့ မရသေးပါဘူး၊ ကိုဗစ်အလွန်ကာလမှာတော့ မည်သူမဆို လာရောက်လေ့လာ ဖူးမြော်နိုင်ပါတယ်” ဟု ရတနာပုံကျောင်းတိုက် ပဓါန နာယက ဆရာတော် အရှင်ဆန္ဒာဓိက (မန္တလေး) မြွက်ကြားသည်။
မဟာနှီးဘုရားကြီးကို စတင်ရက်လုပ်ချိန် ရက်လုပ်သည့်ဆရာတော်အားလုံး သက်သက်လွတ်ဘုန်းပေး၍ အဓိဌာန်ဝင်ပြီးမှ ရက်လုပ်ပူဇော်ခြင်းဖြစ်ကြောင်း၊ နှီးဘုရားကြီး ရက်လုပ်သော ဝါး မှာ အင်မတန်ရှားပါးပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ လွယ်ကုန်ကျေးရွာ အနောက်ဘက်ရှိ လျှိုမြောင် (၂) ခုကြားမှာ ပေါက်ရောက်သော မိုးလုံဝါး (ခ) ဝါးနွယ် လို့လည်းခေါ်တဲ့ ဝါးကို ခက်ခက်ခဲခဲ ရှာဖွေပြီး မန္တလေးမြို့သို့ သယ်ယူကာ ရက်လုပ်ရခြင်းဖြစ်ကြောင်း၊ နှီးဘုရားကြီးကို သုံးလွန်းတင်ကာ ရက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ခက်ခဲနက်နဲသော မြန်မာ့လက်မှုပညာကို ကမ္ဘာကျော်အောင် ဖော်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊ မန္တလေးမြို့ရဲ့ ကျက်သရေဆောင် ရုပ်ပွားတော်တစ်ဆူဖြစ်ကြောင်း ဆရာတော်က ဆက်လက်မြွက်ကြားသည်။
အဆိုပါ မဟာနှီးဘုရား ရုပ်ပွားတော်မြတ်ကြီးအား မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၇၁ လမ်းနှင့် ဇော်ဂျီလမ်းထောင့်ရှိ ရတနာပုံကျောင်းတိုက်အတွင်းတွင် တည်ထားကိုးကွယ်လျက်ရှိပြီး မြန်မာမှုလက်ရာ ဝါးနှီးဖြင့် ရက်လုပ်တည်ထားသည့် ပညာကို လေးစားဖွယ်မြင်တွေ့ရမည်ဖြစ်ပြီး အများပြည်သူများအနေဖြင့် သဘာဝနှီးလက်ရာများအတိုင်း လေ့လာဖူးမြော်နိုင်မည်ဖြစ်ရာ ကိုဗစ်အလွန်ကာလတွင် လာရောက်လေ့လာ ဖူးမြော်နိုင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


