မန္တလေး၊ ၁၉ ဇန်နဝါရီ
ကိုဗစ်-၁၉ အလွန်ကာလတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်းအား New Normal နှင့် ကိုက်ညီစေရန် ခရီးစဉ်ဒေသအစီအစဉ်သစ်များကို ရေးဆွဲပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
ယခင်က မန္တလေးတိုင်းဒေသကြီးအတွင်းသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာခရီးသွားများအား ပုံမှန်ခရီးစဉ်အဖြစ် မန္တလေး၊ မင်းကွန်း၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံဒေသများနှင့် ရှမ်းပြည်နယ် နောင်ချို၊ သီပေါ မြို့နယ်များသို့ ပို့ဆောင်ပေးခဲ့သော်လည်း ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်၍လည်ပတ်လာပါက ခရီးစဉ်ဒေသတစ်ခုတည်း၌ ခရီးသွားများ စုဝေးရောက်ရှိမှု မဖြစ်ပေါ်စေရန်နှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ လည်ပတ်ရာတွင် ရွေးချယ်စရာများရှိစေရန် ခရီးစဉ်ဒေသသစ်များအား ဖော်ထုတ်ရေးဆွဲသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
“ကိုဗစ်ပြီးသွားရင် ခရီးသွားလုပ်ငန်းကို ကိုဗစ်နဲ့အတူ ယှဉ်တွဲပြီး New Normal ပုံစံနဲ့ လုပ်ကိုင်သွားရမှာ ဖြစ်တဲ့အတွက် ဒီပုံစံနဲ့ ကိုက်ညီမယ့် ခရီးစဉ်အသစ်တွေကို ရေးဆွဲသွားမယ့် အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။ ခုလောလောဆယ် ငှက်ကြည့်ခရီးစဉ်ကို မန္တလေးမြို့နဲ့ ၁၆ မိုင်လောက်ဝေးတဲ့ တံတားဦးမြို့နယ်ထဲမှာ ပြူကန်ကျေးရွာရှိတယ်။ အဲဒီပြူကန်ကျေးရွာမှာရှိတဲ့ မြကန်သာဆိုတဲ့ ဆည်မြောင်းကန်ကို ဆောင်းတွင်းအခါမှာ ဆောင်းခိုငှက်တွေ အများကြီးခိုကြတယ်။ ဒါကြောင့် အဲဒီနေရာကို ငှက်ကြည့်ခရီးစဉ်နေရာအသစ် ဖော်ဆောင်သွားဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမယ်။ တိုင်းဒေသကြီးက ခွင့်ပြုမယ်ဆိုရင် ကန်ဘောင်ဘေးမှာ ငှက်ကြည့်မယ်သူတွေရယ်၊ ပါလာတဲ့မိသားစုတွေလဲ အဆင်ပြေစွာနားနေနိုင်ဖို့ New Normal နဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ရှိပါတယ်။ လင်းပိုင်ကြည့် ခရီးစဉ်တွေကိုလည်း အသစ်တစ်ဖန်ဖြစ်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ လုပ်ဆောင်မယ့် အစီစဉ်တွေကို ရေးဆွဲပြင်ဆင်ဆောင်ရွက်နေပါတယ်" ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမျိုးရီက ပြောသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်နေသည့် နောင်ချိုမြို့နှင့် ဒုဌဝတီ မြစ်ရိုးတစ်လျှောက်ဒေသများရှိ သဘာဝတောတောင်ရှုခင်းအလှများအား သွားရောက်လေ့လာ အပန်းဖြေစေနိုင်စေရေးအတွက် ခရီးစဉ်ဒေသသစ်များအဖြစ် ဖော်ဆောင်နိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်း၊ ကိုဗစ်-၁၉ ရောဂါအခြေအနေ ကောင်းမွန်လာမှုနှင့်အတူ နိုင်ငံတကာခရီးသွားများ ဝင်ရောက်ခွင့်ပြုမှုပေါ်မူတည်၍ ခရီးသွားဈေးကွက် ပြန်လည်ဦးမော့လာစေရန် Digital Marketing စနစ်ဖြင့် ဆွဲဆောင်ကာ ကမ်းလှမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


