မန္တလေး  ၂၃   ဇွန်

 

ကိုဗစ်ကာလတွင် တောင်သူများစိုက်ပျိုးရေး၌ အဆင်ပြေစေရန် ကိုဗစ်အထူးချေးငွေ(COVID-19 Special Relief Loan) အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား တစ်ဧကလျှင် ငါးသောင်းနှုန်းဖြင့် စိုက်ပျိုးဧကပေါ်အခြေခံ၍ ဇွန် ၂၂ ရက်မှ စတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ သိရသည်။

 

အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများကို  တစ်နှစ်အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ဇွန်လ ၂၂ ရက်မှ စတင်ကာ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးဧကပေါ်အခြေခံ၍ တောင်သူတစ်ဦးလျှင် အများဆုံး(၁၀) ဧကအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကာ ပြန်ဆပ်ကာလမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၅) ရက်အတွင်းဖြစ်သည်။

 

ကိုဗစ်အထူးချေးငွေ(COVID-19 Special Relief Loan) ဖြင့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ရန်ပုံငွေ (၃၇ ဒသမ ၂၆) ဘီလျံ ခွင့်ပြုထားကြောင်း၊ ဇွန် ၂၂ ရက်တွင် စတင်ထုတ်ချေးခဲ့ပြီး စတင်ထုတ်ချေး သည့်နေ့တွင် တိုင်းဒေသကြီးအတွင်းရှိ တောင်သူ(၁၃၈) ဦး မှ စိုက်ပျိုးဧက(၆၄၅)ဧက အတွက် ငွေကျပ်(၃၂၂ ဒသမ ၅ သိန်း) ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ ယခုလမှ စက်တင်ဘာလ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ တစ်နှစ်အတိုးနှုန်းမှာ(၅) ရာခိုင်နှုန်းဖြစ်ပြီး ပြန်ဆပ်ကာလမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ကြောင်း၊ သတ်မှတ်ကာလ ကျော်လွန်ပါက ဒဏ်ကြေးအဖြစ် ငွေကျပ်(၁၀ဝ) လျှင် ပြား(၅၀) ထပ်မံပေးရမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောကြားသည်။

 

ကိုဗစ်အထူးချေးငွေက လယ်ဖြစ်ဖြစ်/ယာဖြစ်ဖြစ် စိုက်ဧကပေါ် အခြေခံပြီး ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မြေတစ်မျိုးအတွက် တစ်ကြိမ်သာ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ယခင်စိုက်ပျိုးစရိတ်ချေးငွေများသည် သီးနှံဧကကို အခြေခံပြီး ထုတ်ချေးပေးခြင်းဖြစ်ပြီး ယခုချေးငွေသည် စိုက်ဧကကို အခြေခံထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ အချိန်ပြည့်ကြွေးကျေတောင်သူများသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများက တောင်သူများအား ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ စပါးသီးနှံအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်း ဖြစ်ကြောင်း သိရပြီး ယခုအခါ ကိုဗစ်အထူးချေးငွေအဖြစ် စိုက်ဧကပေါ်အခြေခံ၍ တစ်ဧကလျှင်ငွေကျပ်ငါးသောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ တစ်နှစ်အတိုးနှုန်းမှာ (၅) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

mdn