ရန်ကုန်၊ ၇ ဒီဇင်ဘာ
ရန်ကုန်မြို့တော်၊ ဒုတိယမြို့တော်ဝန်ဦးစိုးလွင်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်(၈)၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ၊ မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူများ နှင့်အတူ လူစုလူဝေးများဖြင့် အမြဲဖြစ်လေ့ရှိသည့် အင်ယားကန်ပေါင်နေရာသို့ ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းက သွားရောက်လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဗဟန်းမြို့နယ်အတွင်းရှိ ကန်တော်ကြီး ဗိုလ်ချုပ်အောင်ဆန်းပန်ခြံ ရင်ပြင်ရှိရာ နေရာများသို့လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လှည့်လည်စစ်ဆေးပြီး၊ လာရောက်အပန်းဖြေနေသည့် လူဦးရေ အရေအတွက်၊ လာရောက်အချိန်ဖြုန်းလေ့ရှိသူများနှင့် ထိုသို့လာရောက်လေ့ရှိသည့် သူများအပေါ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ထိန်းချုပ်ရန်အတွက် မည်သို့လုပ်ဆောင် ထိန်းသိမ်းသင့်သည်များကို သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)


