မြောင် ၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် Cash For Work စီမံကိန်းနှစ်ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
မြောင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေ ပြည်သူများ ကိုဗစ်ကာလအတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် အတွက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာ ၉ ရွာကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ကျေးရွာ ၄ ရွာကို ငွေကျပ်သိန်း ၃၀၀ ဖြင့်လည်းကောင်း၊ ကျေးရွာ ၄ ရွာကို ငွေကျပ်သိန်း ၂၀၀ ဖြင့် လည်းကောင်း၊ ကျေးရွာ ၁ ရွာကို ကျပ်သိန်း ၁၀၀ ဖြင့်လည်းကောင်း သြဂုတ်လမှစတင်၍ ထုတ်ချေး ပေးခဲ့ရာ စုစုပေါင်းကျေးရွာ ၉ ရွာအတွက် ငွေကျပ် သိန်း ၂၁၀၀ ကို ထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။
အလားတူ Cash For Work စီမံကိန်းလုပ်ငန်းများအဖြစ် လက်ယက်မကျေးရွာ၊ ဖွားစောကျေးရွာ၊ ကသစ်ကုန်းကျေးရွာ၊ ဇရပ်ကုန်းကျေးရွာ၊ ကံတောကျေးရွာနှင့်နှဲမှုတ်ကျေးရွာတို့တွင် ရွာတွင်းလမ်း ဂျင်းခင်းခြင်း၊ မြေသားရေကန်တူးဖော်ခြင်း၊ ကျေးရွာတွင်းရေပိုက်လိုင်းသွယ်တန်းခြင်း ကျေးရွာတွင်းသဲကျောက်လမ်းတိုးချဲ့ခင်းခြင်းနှင့် အမကကျောင်းခြံစည်းရိုး chain Link ကာရံခြင်းလုပ်ငန်းများကို ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း ၁၀၀ စီထောက်ပံ့ပေးကာ ဇူလိုင်လအတွင်းကစတင်၍ ကျေးရွာ သူ ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်စေပြီး ပါဝင်ဆောင်ရွက်သူများအားလုံးကို လုပ်အားခပေးချေ စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုထံမှ သိရသည်။
ငြိမ်းသူ


