၁၃ ဒီဇင်ဘာ
COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ကမ္ဘာလူလောက ကြီးကို ဒုက္ခပေးနေခဲ့တာ နှစ်ပတ်လည်တော့မှာပါ။ မိမိတို့ နိုင်ငံမှာလည်း ဒီရောဂါဆိုးကြီးဒဏ် ခံနေကြရတာ ၉ လ ကျော်ခဲ့ပါပြီ။ ၁၂-၁၂-၂၀၂၀ ရက်နေ့အထိ ကမ္ဘာပေါ်မှာ ဒီရောဂါပိုးတွေ့ရှိသူ သန်း(၇၀) ကျော် (၇၁၅၆၀၀၈၀ ဦး) ရှိခဲ့ပြီး သေဆုံးသူ (၁ ဒသမ ၆)သန်းကျော် (၁၆၀၃၉၆၆ ဦး) ရှိခဲ့ကာ မိမိတို့နိုင်ငံအနေနဲ့လည်း ပိုးတွေ့လူနာပေါင်း တစ်သိန်းကျော် (၁၀၇၂၁၅ ဦး) နဲ့ သေဆုံးသူ (၂၂၄၅ ဦး) ရှိခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ပိုးတွေ့တာရော၊ သေဆုံးတာပါ တတိယနေရာမှာရှိနေတာ စိတ်မကောင်း စရာ ဝမ်းနည်းစရာပါပဲ။
အပြင်းအထန်ကြိုးစား
ဒီရောဂါကိုဖြစ်စေတဲ့ SARS CoV- 2 ကိုရိုနာ ဗိုင်းရပ်(စ်)ဟာ ပိုးအသစ်တစ်မျိုးဖြစ်တာနဲ့အညီ သူ့ အကြောင်းကို တစ်ကမ္ဘာလုံးက ပညာရှင်အပေါင်း လေ့လာ နေခဲ့၊ လေ့လာနေဆဲပေမယ့် ရာနှုန်းပြည့် ဘယ်သူမှမသိကြ ရသေးတာလည်း ပြဿနာကြီးတစ်ခုပါပဲ။ ရောဂါကူးစက်မှုဟာ အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့အမှုန်အမွှား (Droplet) တွေကနေ နောက်တစ်ယောက်ရဲ့ အသက်ရှူ လမ်းကြောင်းထဲ ဝင်တာရယ်နဲ့ မသန့်တဲ့လက်ကနေ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို ထိမိရာက အသက်ရှူ လမ်းကြောင်းထဲဝင်တာရယ်ကြောင့် ဆိုတာကတော့ ငြင်းဖွယ်မရှိအားလုံးက လက်ခံထားကြတဲ့အချက်ပါ။ ဒီရောဂါဆိုးကြီးစဖြစ်ကတည်းက ကုသဆေး၊ ကာကွယ် ဆေးတွေကို နိုင်ငံပေါင်းစုံက ပညာရှင်တွေ အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။ ကုသဆေးအနေနဲ့ အမျိုးမျိုး စမ်းသပ်ခဲ့ကြရာမှာ အချို့ဆေးတွေက ပထမ အာနိသင်ရှိ မလိုလိုဖြစ်ပေမယ့် တစ်ဖက် မှာ အန္တရာယ်ရှိလို့ (သို့မဟုတ်) တကယ်တော့ သိပ်မထူးလို့ဆိုပြီး ရပ်လိုက်တဲ့/ မသုံးတော့ တဲ့ဆေးတွေရှိနေသလို ကောင်းတဲ့ရလဒ်တွေ တွေ့နေ၊ ရှိနေလို့ နိုင်ငံအများမှာ သုံးနေကြတဲ့ဆေးနဲ့ ကုသမှု သုံးလေးမျိုးလည်း ရှိပါတယ်။
ဆေးလောကမှာ “ကာကွယ်ခြင်းသည် ကုသခြင်း ထက်ကောင်း၏” “ Prevention is better than Cure” ဆိုတဲ့ စကားရပ်ဟာ ဒီရောဂါမှာလည်း ရာနှုန်းပြည့် မှန်ကန်အသုံးဝင်လှတဲ့အချက်ပါ။
တတ်နိုင်သမျှ အိမ်ပြင်မထွက်နဲ့၊
အိမ်ထဲမှာပဲနေ၊
မဖြစ်မနေ အိမ်ပြင်ထွက်ရရင် လူစုလူဝေးရှောင်၊
လူတစ်ဦးနဲ့တစ်ဦး (၆) ပေ ခွာနေ၊ အိမ်ပြင်ထွက် တာနဲ့ Mask နှာခေါင်းစည်း၊ ပါးစပ်စည်းကို စနစ်တကျ တပ် / စွန့်၊
လက်ကို မကြာခဏ/ အပြင်က ပြန်လာတိုင်း/တစ်ခုခုနဲ့ ထိမိပြီးတိုင်း ရေနဲ့ဆပ်ပြာ (သို့) အရက်ပြန် ၆၀-၇၀% ပါတဲ့ လက်သန့်ဆေးရည်နဲ့ အနည်းဆုံး စက္ကန့်(၂၀) ဆေး …..
ဆိုတဲ့ အချက်တွေဟာ ဒီခေတ် တစ်ကမ္ဘာလုံးက လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာမရွေး လိုက်နာဆောင်ရွက် ကြရမဲ့ ငွေကုန်ကြေးကျသိပ်မရှိတဲ့ အလေ့အကျင့်တွေ ဖြစ်ပါတယ်။ ဒီအမူအကျင့်၊ အလေ့အထတွေကို ပြည်သူ လူထုက တိတိကျကျလိုက်နာသလို ပြည်သူလူထု လိုက်နာ နိုင်အောင် သက်ဆိုင်ရာက လိုအပ်တဲ့ Law Enforcement နဲ့ပါ စည်းကမ်းတင်းကြပ် ထိန်းကျောင်းပေးခဲ့ကြတဲ့ ကမ္ဘာ နဲ့အာရှနိုင်ငံတွေမှာ ရောဂါဖြစ်မှုရော၊ သေဆုံးမှုပါ အားကျ ချီးကျူး ဂုဏ်ယူရလောက်အောင် နည်းပါးကြတာ အထင် အရှားပါပဲ။ (နယ်သာလန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို)
အဲဒီလို သေသေချာချာ မလိုက်နာတဲ့လူတွေဟာ မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်က ပြည်သူလူထုကိုပါ အသက်အန္တရာယ်ဖြစ်စေနိုင်တာမို့ ပထမပိုင်းမှာ ပညာပေး ရုံလောက်နဲ့ လုပ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ တိတိကျကျ အရေးယူဆောင်ရွက်မှုတွေ ကမ္ဘာအနှံ့လုပ်နေကြတာကို ဗဟုသုတအဖြစ် ဖော်ပြလိုပါတယ်။
အရှေ့တိုင်းနိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံမှာ Face Mask မတပ်ဘဲ Public Place တွေမှာတွေ့ရင် စင်ကာပူ ဒေါ်လာ(၁၀၀၀) ဒဏ်ငွေချပါတယ်။ ဒီလိုပါပဲ ဟောင်ကောင် မှာ ဟောင်ကောင်ဒေါ်လာ (၅၀၀၀) နောက်တစ်ကြိမ်ဆို အကျဉ်းချ ချုပ်နှောင်သည်အထိပါ။ ဖိလစ်ပိုင်နိုင်ငံမှာလည်း ဖိလစ်ပိုင်ငွေ (၂၀၀၀) သို့မဟုတ် ထောင်ဒဏ် (၃)လ သို့မဟုတ် နှစ်မျိုးလုံး၊ ဒုတိယအကြိမ်ဆို ဒဏ်ငွေ( ၃၀၀၀) သို့မဟုတ် ထောင်ဒဏ်(၆) လ သို့မဟုတ် နှစ်မျိုးလုံး အပြစ် ပေးနေတာပါ။
မလေးရှားနိုင်ငံမှာတော့ ၁၀၀၀ RM ( US ဒေါ်လာ ၃၂၆) နဲ့ ထောင်ဒဏ်ပါ။ အိန္ဒိယနိုင်ငံမှာလည်း ပြည်နယ် အလိုက် ဒဏ်ငွေ ရူပီး (၅၀၀) မှ (၁၀၀၀) အထိနဲ့ သန့်ရှင်း ရေးလုပ်ငန်းတွေ လုပ်ခိုင်းကြပါတယ်။ ရောဂါ အင်မတန် ကူးစက်ပြီး သေဆုံးမှုများနေတဲ့ အာရှနိုင်ငံတစ်ခု (အမည် ဖော်ပြရန်မသင့်)မှာတော့ Public Place တွေမှာ Face Mask မတပ်ရင် ဒဏ်ငွေဆောင်ရုံမက ဈေးတွေမှာ အမှိုက် တွေ၊ အညစ်အကြေးတွေ ကောက်ခိုင်းတာအပြင် အသုဘ အခေါင်းနားမှာ ယှဉ်အိပ်ခိုင်းတာ၊ အလောင်းမြှုပ်ဖို့ တွင်းတူးခိုင်းတာအထိ လုပ်ခိုင်းလို့ အချို့အဖွဲ့အစည်းတွေ ရဲ့ ဝေဖန်မှုတွေတောင် ဖြစ်ခဲ့ရပါတယ်။
ရောဂါအဖြစ်များတဲ့ အနောက်တိုင်းနိုင်ငံတွေမှာ ဆိုရင်လည်း စပိန်မှာ ယူရို (၁၀၀) မှ (၃၀၀) ၊ အီတလီမှာ ယူရို (၄၀၀) မှ (၁၀၀၀) ၊ ဥရောပနိုင်ငံအတော်များများမှာ လည်း အဲဒီလောက် ဒဏ်ငွေဆောင်ကြရပါတယ်။ ယူကေ မှာ စတာလင်ပေါင်(၁၀၀)၊ အမေရိကန်နိုင်ငံမှာ ပြည်နယ် အလိုက် အနည်းဆုံးဒေါ်လာ (၁၀၀) ကနေ ဟာဝိုင်ယီမှာဆို ဒေါ်လာ (၅၀၀၀) အထိ၊ ဘရာဇီးမှာ သူတို့ငွေ (၅၀၀) မှ (၁၀၀၀) (US ဒေါ်လာ ၁၀၀-၂၀၀) အထိ ဒဏ်ချနေကြရ တာဟာ မလုပ်ချင်ပေမယ့် အများပြည်သူအတွက် နိုင်ငံတကာမှာ လုပ်နေကြရတာပါ။
မိမိတို့ နိုင်ငံကိုပြန်ကြည့်ရရင် ပထမလှိုင်းမှာ သင်္ကြန် ရက်ရှည်ပိတ်ရက်နဲ့ တိုက်ဆိုင်တာအပြင် လူထုရဲ့ လိုက်နာ မှုလည်း ကောင်းတာမို့ ဩဂုတ်လအလယ်အထိ ပိုးတွေ့ သုံးရာကျော်နဲ့ သေဆုံးသူ (၆)ယောက်နဲ့သာ ကမ္ဘာမှာရော၊ အာရှမှာပါ မျက်နှာပန်းလှခဲ့ပေမယ့် ဒုတိယလှိုင်းမှာတော့ ပိုးရဲ့မျိုးရိုးဗီဇပြောင်းတာနဲ့၊ လူတွေပေါ့ဆလာတာ၊ စည်းကမ်း မလိုက်နာတာတွေကြောင့် ပိုးကူးစက်တာရော၊ သေဆုံးတာပါ တရိပ်ရိပ်တက်လာတာ အခု အာဆီယံမှာ တတိယစွဲတဲ့အထိ စိတ်မကောင်းဖွယ် ကြုံနေကြရပါတယ်။
ဖွဲ့စည်းတာဝန်ပေး
လုပ်ငန်းလိုအပ်ချက်အရ စက်တင်ဘာလ ၂၀ ရက် နေ့မှာ အငြိမ်းစားကျန်းမာရေးဝန်ကြီး ပါမောက္ခ ဆရာကြီး ဦးကျော်မြင့် ဦးဆောင်ပြီး မိမိအပါအဝင် အငြိမ်းစား ဆေးပညာရှင်ကြီး (၈) ဦး ပါဝင်တဲ့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ နည်းပညာဆိုင်ရာကူညီ ပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးခဲ့ပါတယ်။ အဖွဲ့ဝင်အားလုံးမှာ ယခင် SARS, Avian Flu , H1 N1 ကူးစက်ကပ်ရောဂါများ၊ နာဂစ် မုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များတွင် ကျန်းမာရေးကဏ္ဍအတွက် အဓိက တာဝန်ယူဆောင်ရွက် ခဲ့ဖူးသူများဖြစ်ကြပါတယ်။ ယင်းအဖွဲ့ ဖွဲ့စည်းပြီးအချိန်မှ စပြီး အဖွဲ့ဝင်များအနေဖြင့် Zoom meeting များဖြင့် အဖွဲ့ဝင်အချင်းချင်းရော၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြားလိုအပ်သည့် အဖွဲ့ အစည်း၊ ဌာနများ၊ လူပုဂ္ဂိုလ်များနှင့် လိုအပ်သလို/ အလျဉ်းသင့်သလို၊ တွေ့ဆုံဆွေးနွေးအကြံပေး ညှိနှိုင်းမှု များ လုပ်ပေးနေသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ COVID-19 နဲ့ပတ်သက်လို့ အများ ပြည်သူလူထု မေးမြန်းကြတဲ့မေးခွန်းတွေကို မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား (MRTV) အစီအစဉ်မှ ဖြေကြားဆွေးနွေး ပညာပေးမှုကိုလည်း မပြတ်ဆောင်ရွက်ပေးလျက်ရှိပါ တယ်။
အဖွဲ့အနေနဲ့ အမှန်တကယ်လိုအပ်မယ့် အကြံဉာဏ် များကို လိုအပ်တဲ့ အချိန်အခါအပေါ် မူတည်ပြီး ပေးနေသလို တစ်ဦးချင်းအနေနဲ့ လိုအပ်တဲ့နေရာများသို့ စည်းမျဉ်းစည်းကမ်းများ လိုက်နာကာ ကွင်းဆင်းလေ့လာ အကြံဉာဏ်ပေးခြင်း၊ လိုအပ်တဲ့ အစားအသောက်၊ ကာကွယ်ရေး အသုံးအဆောင်များကို ကိုယ်တိုင်လည်း လှူဒါန်းသလို စေတနာရှင်များအား စည်းရုံးပေးခြင်းတို့ကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကြောင့် သိမြင် တွေ့ကြုံကြားသိနေရတဲ့ အချက်များအနက်မှ အများ ပြည်သူများ မဖြစ်မနေသိထားသင့်တဲ့ အောက်ပါအချက် များကို စေတနာထား ဝေမျှပါရစေ။
ဒုတိယလှိုင်းနောက်ပိုင်း
အထက်မှာဖော်ပြခဲ့သလို မိမိတို့နိုင်ငံတွင် (၉)လ နီးပါးကြာခဲ့ပြီး စက်တင်ဘာလ ဒုတိယလှိုင်းနောက်ပိုင်းမှာ ဖြစ်ပေါ်တွေ့ကြုံနေရတဲ့ COVID ရောဂါဆိုးကြီးရဲ့ နှိပ်စက် ဖိစီးမှုကြောင့် COVID-19 Designated Hospital ဤရောဂါကို အဓိကကုသရန် သတ်မှတ်ထားတဲ့ ဝေဘာဂီ ဆေးရုံကြီး၊ တောင်ဥက္ကလာပဆေးရုံကြီးနဲ့ ဖောင်ကြီး စင်တာတို့အပြင် နောက်ပိုင်း Designated Hospital များ အဖြစ် ကုသဖို့ခွင့်ပြုဆောင်ရွက်စေခဲ့တဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ သင်္ဃန်းကျွန်း ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးများ အပါအဝင် တစ်ပြည်လုံးရှိ ဆေးရုံတိုင်းလိုလိုမှာ တာဝန်ထမ်းဆောင် နေကြတဲ့ အဆင့်ဆင့်သော (ပါမောက္ခသမားတော်ကြီး မှ အလုပ်သင်ဆရာဝန်အထိ)ဌာနပေါင်းစုံမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနဲ့ အခြေခံဝန်ထမ်း အားလုံးလိုလိုပင် လူရောစိတ်ပါ ဝန်ပိကြကာ အလွန် အမင်း ပင်ပန်းနွမ်းနယ် စိုးရိမ်ဖွယ်ရာ အခြေအနေ ရောက်နေကြပြီ ဖြစ်နေကြပါတယ်။
သူတို့အားလုံးတွေဟာလည်း အများပြည်သူလူထုလိုပဲ အသွေးအသားများ၊ ခံစားနိုင်တဲ့ နှလုံးသားများနဲ့ ဖွဲ့စည်းထားတဲ့ လူသားများသာဖြစ်ကြပြီး သံပတ်ပေးထားတဲ့ စက်ရုပ်များ မဟုတ်ကြပါ။ မိမိတို့လူ့လောကကြီးထဲမှာ နဂိုထဲက ရှိနေခဲ့ကြတဲ့ သွေးတိုး၊ သွေးချိုဆီးချို၊ နှလုံး၊ လေဖြတ်၊ ကင်ဆာ စတဲ့ကူးစက်ခြင်းကြောင့် မဟုတ်တဲ့ (NCD) ရောဂါတွေ၊ ငှက်ဖျား၊ အူရောင်ငန်းဖျား၊ ရာသီ တုပ်ကွေး၊ သွေးလွန်တုပ်ကွေးလို ကူးစက်ရောဂါတွေ၊ မြွေကိုက်တာ၊ ကားတိုက်တာ၊ ထိခိုက်ဒဏ်ရာရတာ၊ ကလေးမွေးတာ၊ သွေးသွန်တာ၊ သွေးအန်တာ၊ အူအတက် ပေါက်တာ၊ အစာအိမ်ပေါက်တာ၊ သတိလစ်တာ၊ တက်တာ စတဲ့ ရောဂါပေါင်းစုံဟာ ကိုဗစ်ကာလအတွင်း ကိုဗစ်ရောဂါဖြစ်နေလို့ဆိုပြီး နောက်ဆုတ်ပေးမှာ၊ ရှောင်ပေးမှာ မဟုတ်ပါဘူး။
ဖြစ်လာမှ အသွားအလာခက်ခဲမှုကြောင့် တချို့ကိစ္စ တွေဆို အချိန်မီကုသမှု မရနိုင်တာအထိ တွေ့ကြုံကြရ မှာပါ။ ဆိုလိုတာက ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းအားလုံးဟာ အဲဒီ Non-COVID ကိုဗစ်နဲ့မဆိုင်တဲ့ ရောဂါပြဿနာအားလုံးကိုရော၊ ဆေးရုံတက်ရောက် ကုသရလောက်အောင် ပြင်းထန်တဲ့၊ မှန်းဆလို့မရနိုင်တဲ့ COVID လူနာတွေကိုရော၊ ရန်ကုန်၊ မန္တလေးလို မြို့တော် ကြီးတွေမှာဆိုရင် ထပ်ထပ်တိုးချဲ့ဖွင့်လှစ်ထားတဲ့ COVID ကုသရေးဌာနတွေနဲ့ စင်တာတွေမှာရော အလှည့်နဲ့ မရပ်မနား တာဝန် ယူနေကြရတာပါ။ ယခင်ထက် တာဝန် သုံးဆ ယူနေကြ၊ ထမ်းဆောင်နေကြရတာကို သိစေမြင်စေ လိုပါတယ်။
မိမိတို့နိုင်ငံရဲ့ အခြေအနေက နဂိုထဲက ဝန်ထမ်း အင်အားက အပြည့်နဲ့ လုပ်နေကြရတာ မဟုတ်ပါဘူး။ ရှိသလောက်ဝန်ထမ်းအင်အားနဲ့ နည်းနည်းနဲ့ကျဲကျဲဝိုင်း ဆိုသလို မဖြစ်ဖြစ်အောင် လုပ်နေခဲ့ကြရတဲ့ အခြေအနေမှာ အလုပ် သုံးဆပိုလုပ်ပေးနေကြတာပါ။ အဲဒီလို ပင်ပင် ပန်းပန်းလုပ်နေကြရပေမယ့် တချို့နိုင်ငံကြီးတွေမှာလို မလုပ်နိုင်တော့လို့ ဆေးရုံကို မလာကြတော့တာတွေ၊ အလုပ်မဆင်းကြတော့တာတွေ လုံးဝမကြားရ၊ မတွေ့ရတဲ့ မိမိတို့ရဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးကို မလေးစားဘဲ မချီးကျူးဘဲ မနေနိုင်တော့ပါဘူး။
အဲဒီလို မိမိတို့ဆိုင်ရာ ဆေးရုံတွေရဲ့ COVID Duty/ Non- COVID Duty နဲ့ သတ်မှတ်ထားတဲ့ ဆေးရုံ ၊ ဆေးကု ဌာန၊ Designated COVID Hospital and Treatment Center တွေရဲ့ အလှည့်ကျ ဂျူတီ သုံးမျိုးကို လှည့်ပတ် တာဝန်ယူနေရလို့ မိမိ မိသားစုတာဝန်တွေလည်း လစ်ဟင်း နေကြသလို အချိန်ပြည့်တာဝန်ယူနေကြရလို့ ပုံမှန်အား ဖြင့် မလောက်တဲ့လခကို ဖြည့်တဲ့ အလုပ်ချိန်ပြင်ပ သမ္မာ အာဇီဝ ဝင်ငွေရှာဖွေမှုနဲ့ ကင်းကွာနေကြတာလည်း နှစ်ဝက် ကျော်နေကြပါပြီ။ အဲဒီလို လူနာတွေ မျက်နှာကိုပဲ ကြည့်ရင်းလုပ်ကြရင်းနဲ့ပဲ ကျန်းမာရေးဝန်ထမ်းတွေ ထောင်ကျော် ရောဂါကူးစက်ခံရပြီး အသည်းအသန် ကုသခန်းအထိရောက်ကာ အသက်လုခဲ့ရတာတွေလည်း မကြာခဏ မြင်တွေ့နေရပါပြီ။
ကျန်းမာရေးဝန်ထမ်းတစ်ယောက် ထိပြီဆို သူနဲ့ တွေ့ထိထားတဲ့( Primary Contact) တွေပါ ကွာရန်တင်း ဝင်ရပြန်တော့ ရှင်နည်းရတဲ့အထဲ အဂ္ဂလူထွက်ဆိုသလို နဂို သုံးဆကနေ လေး၊ ငါးဆ လုပ်နေကြရတာ သိတဲ့လူ အင်မတန်နည်းပါတယ်။ ဒါကြောင့်လည်း အချို့ လူငယ် လူလတ်အရွယ် ဆရာဝန် သူနာပြုလေးတွေ နေမကောင်း ဖြစ်ချင်ရင်တောင် ကိုယ်နားရင်၊ ပိုးစစ်လို့တွေ့ရင် လူငယ်မို့ ရောဂါ ပြင်းပြင်းထန်ထန် မခံစားရပေမယ့် အလုပ်ကတော့ နားခိုင်းမှာမို့ ကိုယ်နားရင် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ပိုပင်ပန်းကြမှာစိုးလို့ နေမကောင်းရက်နဲ့ မစစ်ဘဲ၊ မနား ဘဲသူများကို မကူးအောင် စည်းကမ်းတွေ နည်းလမ်းတွေကို ပိုပြီးအထူးဂရုစိုက်ရင်း အလုပ်ဆက်လုပ်သွားကြသူတွေ ရှိနေခဲ့တာပါ။
အသက်လုနေကြရ
ဒါကြောင့်လည်း ကျန်းမာရေးဝန်ထမ်းတွေ ဆေးရုံ တက်ရတဲ့အဆင့်ဆိုတာ အတော်ဆိုးရွားတဲ့ အဆင့်ကြမှ တက်ကြတာမို့ အသက်လုနေကြရတာကို သိစေချင်ပါတယ်။ သူတို့လေးတွေရဲ့ စိတ်ထဲနှလုံးထဲမှာ ဒီလူနာတွေ အတွက်ပဲ အမြဲထည့်ထား၊ စဉ်းစားနေကြတာလေးတစ်ခု ပြောပြပါရစေ။ သူတို့လေးတွေ အိမ်မပြန်နိုင်ကြလို့ သတ်မှတ်ထားတဲ့ အဆောင်တွေမှာပဲ နေကြ၊ ညဂျူတီ မကျရင် အိပ်ကြရာမှာ သမီးလေးတစ်ယောက်က အိပ်နေရင်း သူ့ခြင်ထောင်ထဲကနေ လူတစ်ယောက်နာမည် အော်ရင်း Sa02 တွေကျနေပြီ၊ အမြန်လုပ်ကြပါဦးဆိုပြီး အသည်းအသန်အော်လို့ အခန်းဖော်တွေ လန့်နိုးပြီး ထပြေး တဲ့လူကပြေးပြီးမှ ယောင်မှန်းသိလို့ အဲဒီသမီးလေးကို နှိုးပြီး ရေတိုက် ပြန်အိပ်ခိုင်းရတဲ့ တစ်ကယ့်အဖြစ် လေးပါ။
COVID ရောဂါဖြစ်ပြီး နာလန်ထပြီးရင် အခု တချို့လူ တွေဟာ Long COVID/ Long Hauler လို့ တရားဝင်ခေါ်ကြ တဲ့ လက္ခဏာတွေ ဆက်ခံစားနေကြရတဲ့သူတွေရှိပါတယ်။ ဒီအကြောင်းသတ်သတ် ထပ်ရေးပါဦးမယ်။ မိမိတို့ရဲ့ သားသမီး ကျန်းမာရေးဝန်ထမ်းလေးတွေမှာတော့ COVID ဖြစ်ပြီး၊ ဆေးရုံကဆင်းပြီး (၃) ရက်ကြာရင် နဂိုလို ပဲ တာဝန် သုံးခု ပြန်လုပ်နေကြတာကို တွေ့နေကြရတာပါ။ သူတို့မရှိတုန်း သူတို့ဝန်ကို ပိုယူပေးခဲ့သူတွေကိုသူတို့က အားနာကျေးဇူးတင်၊ ကျန်သူတွေကလည်း သူတို့ကို ညှာပေးချင်သော်လည်း ကိုယ်လည်းမနိုင်တော့တဲ့ အခြေ အနေနဲ့ နှစ်ပါးသွား ကနေကြရတဲ့အဖြစ်ကို အားလုံးကို သိစေချင်ပါတယ်။
ပိုးတွေ့လို့ ဆေးရုံတက်နေရင်းလည်း လူကသာ ဆေးရုံခုတင်ပေါ်မှာပေမယ့် စိတ်ရယ်၊ နှုတ်ရယ် အနားမပေး ဘဲ လုပ်နေခဲ့သူတွေ တစ်ပုံတစ်ပင်ပါ။ မိမိကထိသွားပြီး မိမိဆေးရုံမှာ ကုသမှုအစုံမလုပ်နိုင်လို့ Designated Hospital ကို ရွှေ့ပြောင်းကုသပေးတာ ငြင်းဆိုခဲ့ပြီး သေသွားရင်တောင် သူ့ဆေးရုံ ICU ထဲမှာပဲ သေမှာပါလို့ ပြောခဲ့တဲ့ သမီး ပါမောက္ခလေးတစ်ယောက်ရဲ့စကားကို နားထောင်ခဲ့ရတဲ့ မိမိတို့အဖွဲ့သားတချို့ မျက်ရည်ဝဲအောင် ရင်ထဲထိခဲ့ကြရပါတယ်။
အဲဒီလို မိမိအိမ်ကိုတောင် မပြန်ကြတော့ဘဲ နေကြသူတွေ၊ တစ်နယ်တစ်ကျေးကနေ တချို့ဆို တစ်ခါမှ မရောက် ဖူးတဲ့ ရန်ကုန်မြို့ကြီးရဲ့ ကိုဗစ်အတွက် ရောက်လာပြီး ဆေးရုံနဲ့ အဆောင်နဲ့ပဲ တစ်လှည့်စီနေခဲ့ကြရတဲ့ နယ်အစုံက သားသမီးလေးတွေနည်းတူ ကျေးဇူးတင်ဂုဏ်ပြု ထိုက်သူတွေကတော့ မွန်မြတ်နှလုံးသားတွေရှိကြတဲ့ သူတို့လေးတွေရဲ့ မိသားစုဝင်တွေပါပဲ။ သူတို့လေးတွေ အတွက် စိတ်ပူပန်ပေးရင်းနဲ့ပဲ မပိတ်ပင်၊ မတားဆီးကြဘဲ ခွင့်ပြုပေးကြကာ ဆုတောင်းရင်း စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့ကြတဲ့ ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဘွားဘွား၊ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမတို့ကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင် ဂုဏ်ပြုလျက်ပါ။
စိတ်ဓာတ်ခွန်အားပေးနေကြ
နောက်တစ်အုပ်စုကတော့ ဆေးရုံတွေ၊ စင်တာတွေ မှာရှိနေတဲ့ ဆေးကုသခံနေရတဲ့ လူနာတွေ၊ ကွာရန်တင်း ဝင်နေရတဲ့ လူတွေကို အဘက်ဘက်က ဝိုင်းဝန်းပြုစုကူညီ စောင့်ရှောက်ပေးနေကြတဲ့ စေတနာလုပ်အားပေး (Volunteer) လူငယ်မောင်မယ်များနဲ့ အဖွဲ့အစည်းတွေ အားလုံးပါပဲ။ အထူးသဖြင့် ဆေးရုံတွေ၊ ဆေးကုသဌာန တွေမှာ ရောဂါကူးစက်နိုင်တာသိရက်နဲ့၊ ရှိတဲ့ကာကွယ် ရေးပစ္စည်းတွေကို သုံးရင်းနဲ့ပဲ အစားအစာ ကျွေးမွေးတာ တင်မက အညစ်အကြေးလဲလှယ်တာအထိ တချို့ သားသမီးဆွေမျိုးအရင်းတောင် မလုပ်ချင်၊ မလုပ်နိုင်တာ ကို အခကြေးငွေတစ်ပြားတစ်ချပ်မရဘဲ စေတနာသန့်သန့် တစ်ခုတည်းနဲ့ လုပ်ပေးနေကြတာကိုမှ ကျေးဇူးမတင်ရင် ဘယ်လူပီသကြတော့မှာလဲနော်။ သူတို့လေးတွေမှာလည်း သူတို့မိသားစုလေးတွေရဲ့ အလုပ်တွေ၊ တာဝန်တွေကို ကျန်မိသားစုတွေက မငြီးမငြူ တာဝန်ယူပေးနေကြတာ၊ သူတို့လေးတွေကို စိတ်ဓာတ်ခွန်အားပေးနေကြတာကို လည်း အသိအမှတ်ပြုကြရမှာပါ။
နောက်ဆုံးအုပ်စုကတော့ ကိုဗစ်စဖြစ်ကတည်းက အခုအချိန်အထိ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ လုပ်အားရှင်တွေ၊ ဆေးရုံတွေ၊ ကုသရေးနဲ့ ကွာရန်တင်း စင်တာတွေ၊ လူနာတွေအားလုံးအတွက် လိုအပ်တဲ့ စက်ကိရိယာ၊ အကာအကွယ်ပစ္စည်း၊ အစားအသောက်၊ အနေအထိုင် အစစအရာအရာကို လိုအပ်တိုင်း မငြိုမငြင် ပံ့ပိုးလှူဒါန်းခဲ့၊ လှူဒါန်းနေဆဲ စေတနာအလှူရှင် (Donors) အားလုံးကိုလည်း ရင်ထဲက လှိုက်လှဲစွာ ကျေးဇူးတင်မှတ်တမ်းတင်အပ်ပါတယ်။
နိုင်ငံတော်အနေနဲ့လည်း ယခင်ခေတ်တွေနဲ့မတူ ကျန်းမာရေးဘတ်ဂျက်ကို မကြုံဖူးတဲ့ ပမာဏပေးပြီး ချပြီးဖြစ်နေပေမယ့်၊ အခု ကိုဗစ်အတွက် အထူး/အရေးပေါ် ဘတ်ဂျက်တွေထပ်ပေးပြီး အစစဖြည့်တင်းပေးနေပေမယ့် ကိုဗစ်ရဲ့ ထိခိုက်မှုကြီးက ကြီးမားလွန်းတာမို့ စေတနာရှင် ပြည်သူလူထုအလှူရှင်တွေရဲ့ ပံ့ပိုးမှုဟာ အလွန်တန်ဖိုးရှိ လှပါတယ်။
အနှစ်ချုပ်ရရင် အခု (၈) လကျော်၊ (၉) လအထိ ကိုယ်စိတ်နှစ်ပါးလုံး အပင်ပန်းခံ လိုအပ်တဲ့တာဝန်ဆိုတာ ထက်ပိုပြီး လူတွေကိုကယ်တင်ပြုစုကုသစောင့်ရှောက် နေကြတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း အဆင့်ဆင့်၊ စေတနာလုပ်အားရှင် (Volunteer) များ၊ စေတနာအလှူရှင် (Donors)များကို နိုင်ငံတော်လိုပဲ မိမိတို့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ နည်းပညာဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့် ဆောင်ရွက်ရေးအဖွဲ့နဲ့ အဖွဲ့ဝင်များက ရင်ထဲအသည်းထဲ က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါတယ်။
အင်္ဂလိပ်လိုပြောလေ့ရှိကြတဲ့ “ the last , but not the least” အခု နောက်ဆုံးတကာ့ နောက်ဆုံးဆိုပေမဲ့ တကယ်တော့ နောက်ဆုံးလို့ မဆိုနိုင်တဲ့ပြည်သူလူထုရဲ့ တာဝန်ကိုပြောပါရစေ။ မိမိတို့လိုပဲ အပေါ်က စေတနာရှင် သူရဲကောင်းအပေါင်းကို ပြည်သူလူထုတစ်ရပ်လုံးကလည်း ကျေးဇူးတင်ဂုဏ်ပြုသင့်ကြပါတယ်။ နိုင်ငံတော်ဘက်က တာဝန်ကျေတာလည်းပြောစရာ၊ ရှင်းပြစရာတောင် မလိုတော့ပါဘူး။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးစီးပြီး သမ္မတကြီးနဲ့ အစိုးရအဖွဲ့၊ ဝန်ကြီးဌာန ပေါင်းစုံနဲ့ အားလုံးက ပြည်သူအတွက် ဆောင်ရွက်ခဲ့တာ မျိုးတွေဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မလုပ်နိုင်၊ မယှဉ်နိုင်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ငွေကြေးအင်အားရှိ သလောက်လေးနဲ့ နိုင်ငံခြားရောက် ဒုက္ခရောက်နေတဲ့ နိုင်ငံသားတွေ ပြန်ခေါ်ဖို့စီစဉ်ပေးတာ၊ COVID-19 ရောဂါ ရှာဖွေကုသထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ Test စမ်းသပ်မှု၊ ကုသရမယ့်ဆေးကအစ ကုသရေးဆေးရုံ၊ကုသ ရေးနဲ့ ကွာရန်တင်းစင်တာတွေမှာ လူနာတွေ၊ လူတွေကို အနေအထိုင် အကျွေးအမွေး စရိတ်တွေအတွက် တာဝန်ယူ ဆောင်ရွက်ပေးနေတာဟာ တခြားနိုင်ငံကြီးတွေက တောင် အံ့ဩနေကြရတာပါ။ လိုအပ်တဲ့အုပ်စုတွေကို ငွေကြေးပံ့ပိုးမှုတွေကိုလည်း ဆက်တိုက်လုပ်ပေးနေတာပါ။
အခုနိုင်ငံတိုင်း လူတိုင်းစိတ်ဝင်စားနေတဲ့ “ကာကွယ် ဆေး (Vaccine)” ကိုလည်း တခြားအိမ်နီးချင်းနိုင်ငံများ နည်းတူ အချိန်မနှောင်းဘဲ ရနိုင်၊ ထိုးနိုင်အောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ ဆက်သွယ် ဆောင်ရွက်နေတာပါ။ ဒါပေမယ့် အရေးအကြီးဆုံးအချက် ကိုတော့ မေ့လို့မရပါဘူး။ ကာကွယ်ဆေးသည် ဒီကိုဗစ် ရောဂါကြီးကို လောကကြီးကနေ လုံးဝပျောက်ကွယ်သွား အောင် စွမ်းဆောင်ပေးမယ့် ဆူပါလက်နက်ကြီးမဟုတ် ပါဘူး။ လောကကြီးမှာ ပေါ်ပေါက်ခဲ့တဲ့ (ကျောက်ရောဂါ ကာကွယ်ဆေးမှအပ) ဘယ်ကာကွယ်ဆေးကမှ ရောဂါ တွေကို ကမ္ဘာမြေပေါ်က နှင်မထုတ်နိုင်ခဲ့ပါဘူး။
ပိုလီယိုလို လုံးဝပျောက်ကင်းသွားပါပြီ ( Eradication) လို့ WHO က ကြေညာခဲ့တဲ့ ရောဂါတောင် တစ်ခါတလေ ဖောက်ဖောက်ပြီး ပြန်ဖြစ်နေတတ်တာ လေးတွေ ရှိနေတတ်တာပါ။ အခု ကိုဗစ်ကာကွယ်ဆေး တွေကိုလည်း ရာနှုန်းပြည့်ကာကွယ်နိုင်စွမ်းနဲ့ ရာနှုန်းပြည့် အန္တရာယ်ကင်းပါတယ်လို့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းကမှ အာမမခံနိုင်ပါဘူး။ သုတေသနစမ်းသပ်ချက်တွေအရ လက်ခံလောက်တဲ့ ကာကွယ်မှုနဲ့ ဘေးကင်းမှုတွေကြောင့် စတင်ထိုးပေးနေတဲ့ ကာကွယ်ဆေး (၂) မျိုး၊ (၃) မျိုး၊ မကြာခင်ထပ်ထွက်မယ့် (၂) မျိုး၊ (၃)မျိုး ရှိနေပါတယ်။ ကူးစက် ရောဂါတစ်ခုကို လုံးဝမပျောက်ကွယ်သွားသော်လည်း လူထုအတွင်း အလွန်အမင်း မပြန့်ပွား၊ မကူးစက်အောင် ထိန်းဖို့ ရည်ရွယ်ချက်နဲ့ ကာကွယ်ဆေးတွေကို ထွင်ခဲ့၊ သုံးခဲ့ကြရာမှာ ဘယ်နိုင်ငံမှာမဆို အုပ်စုအလိုက် တစ်ဆင့် ချင်းခွဲပြီး ထိုးပေးကြရမှာမို့ တကယ်ထုတ်လုပ်တဲ့ နိုင်ငံတွေမှာတောင် ၂၀၂၁ နှစ်ကုန်လောက်မှ တစ်နိုင်ငံလုံးနီးပါးထိုးပေးနိုင်ပြီး လူထုအများစုခုခံနိုင်စွမ်း (Herd Immunity) ရကြမှာလို့ ခန့်မှန်းနေကြတာမို့ မိမိတို့လို နိုင်ငံမျိုးမှာတော့ ကာကွယ်ဆေးကို လူထုသိန်းကျော် ဆေးပတ်လည်အောင် ထိုးပြီးပေမယ့်လည်း ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို လုံးဝ လုံးဝ လျှော့လိုက်လို့ မဖြစ်နိုင် တာကို အားလုံးသဘောပေါက်ကြဖို့လိုပါတယ်။
ပြည်သူလူထုအတွက် အစွမ်းကုန် ဖြည့်ဆည်းပေး နေတဲ့ နိုင်ငံတော်နဲ့ ပေးဆပ်နေကြတဲ့ စေတနာရှင် သူရဲကောင်းတွေအတွက် သာမန်ပြည်သူလူထုက ကျေးဇူး ဆပ်တဲ့အနေနဲ့ ပြန်လုပ်ပေးကြရမှာက အများကြီးမဟုတ်သလို တန်ဖိုးလည်းသိပ်မကြီးလှပါဘူး။ စဖြစ်ကတည်းက တဖွဖွနားငြီးလောက်အောင် ကြားခဲ့ရပေမယ့် သေသေ ချာချာ မလိုက်နာ မလုပ်ခဲ့ကြသေးတဲ့ အချက်လေးတွေ ပါပဲ။
မိမိတို့လူမျိုးဟာ ကမ္ဘာပေါ်မှာ စေတနာအကောင်း ဆုံး၊ အရက်ရောဆုံးဆိုတဲ့ဂုဏ်ကို ရရှိပြီးသားပါ။ စည်းကမ်းအပျက်ဆုံး၊ စည်းကမ်းမရှိဆုံးဆိုတဲ့ နာမည်ဆိုး မတွင်စေချင်ပါဘူး။ အခု အိမ်ပြင်မထွက်ဖို့၊ လူစုလူဝေး မလုပ်ဖို့၊ Mask ဝတ်ဖို့၊ လက်ဆေးဖို့ အခါခါ ပြောနေခဲ့ကြ တာ ပြောတဲ့လူရော နားထောင်တဲ့လူပါ အခါခါမို့ ရိုးနေကြပါ ပြီ။ ဒါပေမယ့်လည်း သဘောမပေါက်တာလား၊ နားမလည် တာလား၊ တချို့က မလိုက်နာလို့ ရောဂါကူးစက်ပြီး ကိုယ်က လူငယ်မို့ မခံစားကြရပေမယ့် မိမိအိမ်နဲ့ ပတ်ဝန်း ကျင်က လူကြီးသူမတွေ၊ ရောဂါအခံရှိသူတွေကို ကူးစက် တော့ ပြင်းထန်စွာ ခံစားရလို့ ဆေးရုံတွေ၊ စင်တာတွေ ရောက်တာများ၊ ခုတင်တွေ၊ နေရာတွေ မလောက်လောက် အောင်ဖြစ်၊ ဆရာဝန်၊ သူနာပြုတွေအတွက် ဝန်ထုပ်ဝန်ပိုး ထပ်ဖြစ်နဲ့ ကျန်းမာရေးစနစ်ကြီး ပြိုလဲတော့မယ့် အခြေ အနေရောက်သွားမှာ စိုးရိမ်နေရပါပြီ။ အပေါ်မှာပြောခဲ့ သလို ဒဏ်တွေပေးမှရမယ့်လူမျိုး မဖြစ်စေချင်ပါဘူး။
လူထုနှလုံးထဲအထိ ရောက်ခဲ့ကြ
လျှပ်စစ်ဌာနက ဓာတ်အားလွှတ်တဲ့ ထရန်စဖော်မာ တိုင်အကြီးကြီးတွေမှာ “သတိ၊ ဓာတ်လိုက်တတ်သည်” ဆိုရင် လူတွေက ပေါ့တီးပေါ့ဆနဲ့မို့၊ ဓာတ်လိုက်သေကြ တာမို့ “သတိ၊ ဗို့အား ၁၀၀၀/၂၀၀၀ အား ရှိပါသည်၊ ဓာတ်လိုက်ရင် ချက်ချင်းသေနိုင်ပါသည်” ဆိုမှ သေမှာ ကြောက်လို့ ရှောင်ကြပါတယ်။ တစ်ခုရှိတာက တစ်ခါ တလေ မိမိတို့လူမျိုးက နိုင်ငံ့ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းပြောခဲ့သလို ကွက်ကွက်ကွင်းကွင်း ဒိုးခနဲဒက်ခနဲ ပြောမှ သဘောပေါက်ကြမယ့်သဘောပါ။ လူတိုင်းကြားဖူးကြပါမှာ၊ ကိုယ့်လူမျိုးကိုယ် အားမရလို့ “ကျုပ်တို့ လွတ်လပ်ရေးရပြီးရင် သူများ တစ်လှမ်းလှမ်း ရင် ကျုပ်တို့က ဆယ်လှမ်းလောက်လှမ်းမှ၊ အဲဒီလို ပြဲနေ အောင်လုပ်နိုင်မှ တော်ကာကျမယ်” ဆိုတာမျိုး မိန့်ခွန်း တွေဟာ လူထုနှလုံးထဲအထိ ရောက်ခဲ့ကြရတာပါ။ အခု လည်း “အိမ်ပြင်ထွက်လို့ Mask ဝတ်မှ အန္တရာယ်ကင်းပါ တယ်၊ ရောဂါမကူးစက်နိုင်ပါ” ဆိုတဲ့ ပညာပေးစကားက အရာမရောက်ရင် မိမိ ခပ်ကြမ်းကြမ်းပဲ ပြောပါရစေတော့။
“Mask မတပ်ဘဲ အပြင်ထွက်ရင် ကိုယ့်အနေနဲ့ လူငယ်မို့ ကိုဗစ်ရောဂါရပြီး ရောဂါဒဏ်မခံစားရပေမယ့် ကိုယ့်မိသားစုထဲက လူကြီးတွေကူးရင်တော့ ပြင်းပြင်း ထန်ထန် ခံစားကြရပြီး သေချာပေါက် ဆေးရုံရောက်၊ နောက်ဆုံး အသက်ရှူမရ၊ အသည်းအသန်မောကျပ်ပြီး အသက်ထွက်ကြရပါလိမ့်မယ်။ အဲဒီလို လူနာမျိုးတွေ ဆေးရုံမှာ များလာရင် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းတွေ မနိုင်တော့ဘဲ လူနာတွေ ပိုသေကြတော့မှာပါ။ သေသွားသူတွေရဲ့မိသားစုတွေအဖို့လည်း ဆေးရုံကို လူနာအဖြစ်ဖြစ်စေ၊ ကွာရန်တင်းစင်တာတွေကိုဖြစ်စေ ရောက်နေကြမှာမို့ ကိုယ်ချစ်ခင်ရသူတွေရဲ့ နောက်ဆုံး ခရီးကိုတောင် မပို့နိုင်၊ ဘဝကူးကောင်းအောင် ကုသိုလ် ကောင်းမှုလေးတောင် သေသေချာချာ၊ ကျကျနန မလုပ် ပေးနိုင်တဲ့ အဖြစ်မျိုး မဖြစ်ကြရလေအောင် မဖြစ်မနေ လုပ်ကြရမှာက “အိမ်မှာပဲဖြစ်နိုင်ရင်နေပါ။ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့၊ မဖြစ်မနေ အိမ်ပြင်ထွက်ရရင် လူစု လူဝေးရှောင်ကြပါ။ အပြင်မှာ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေ ခွာနေပါ၊ အိမ်ပြင်ထွက်တာနဲ့ နှာခေါင်းစည်းကို မမေ့ မလျော့ စနစ်တကျ ဝတ်ပါ / စွန့်ပါ။ လက်ကို မကြာခဏ/ အပြင်က ပြန်လာတိုင်း/ တစ်ခုခုနဲ့ ထိမိပြီးတိုင်း ရေနဲ့ ဆပ်ပြာ (သို့) အရက်ပြန် ၆၀-၇၀% ပါတဲ့ လက်သန့် ဆေးရည်နဲ့ အနည်းဆုံးစက္ကန့်(၂၀) ဆေးပါ” ဆိုတာပါပဲ။
ဒီလိုမျိုး သေသေချာချာ နားလည်ပြီး ဒီလို မဖြစ်မနေ ဆောင်ရွက်ပေးကြခြင်းဖြင့် နိုင်ငံတော်နဲ့ ကျန်းမာရေးလောက သူရဲကောင်းတွေကို ဂုဏ်ပြုကျေးဇူးဆပ်ကြပါ စို့နော်။
ပါမောက္ခသိန်း၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်