မကွေး၊ ၃ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၌ ဆောင်းမြေပဲများ ပေါ်ချိန်ကာလဖြစ်၍ ကျေးလက်ဒေသများမှ ထွက်ကုန်များကို နီးစပ်ရာမြို့များသို့ တင်ပို့ရောင်းချနေကြပြီး သီးနှံဈေးကွက်မှာ ကိုဗစ်ကပ်ရောဂါ ကာလဖြစ်သော်လည်း အတက်အကျ သိပ်မရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း မကွေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူထံက သိရသည်။
မြေပဲဆံအနီ တစ်ပိဿာလျှင် ၃၀၀၀ ကျပ် နှင့် ၃၁၅၀ ကျပ်ကြား၊ ပဲဆန်အဖြူတစ်ပိဿာ ၂၇၀၀ ကျပ် နှင့် ၂၈၅၀ ကျပ်ကြား ရှိနေပြီး အတက်အကျမရှိဘဲ ဈေးကွက်၌ ပဲဆန်အရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နေကြသည်။
“အထွက်နှုန်းအနေနဲ့ ပြီးခဲ့နှစ်နဲ့ယှဉ်ရင် အနည်းငယ်လျော့နိုင်ပါတယ်။ ဈေးကွက်ကတော့ တရုတ်ဝယ်လိုအားပေါ် မူတည်တာပါ။ တရုတ်က ရသလောက်ဝယ်နေတဲ့အတွက် ဈေးကွက်ငြိမ်နေတာ” ဟု မကွေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဖိုးနီ က ပြောသည်။
ပြီးခဲ့သည့်နှစ် ဆောင်းမြေပဲရာသီက မြေပဲဆံတစ်တင်းစိုက်ပျိုးလျှင် မြေပဲတောင့် တင်း(၄၀)ခန့် အထွက်နှုန်း ရှိခဲ့ သော်လည်း ယခုနှစ် မိုးနှောင်းကာလ၊ ဆောင်းမြေပဲစိုက်ပျိုးချိန်တွင် မြေပဲပင်များ အစွယ်ချ၊ ဥ ဥချိန် မိုးခေါင်ခဲ့ခြင်းကြောင့် တင်း(၂၀) နှင့် အောက်သာ အထွက်နှုန်းရှိခဲ့ကြောင်း အုန်းပင်စုကျေးရွာနေ ဒေါ်မိုးမိုး က ပြောပြသည်။
မကွေးတိုင်းဒေသကြီးတွင် ၂၀၂၀-၂၀၂၁ ခုနှစ်၌ ဆောင်းမြေပဲစိုက်ဧက တစ်သိန်းကျော် လျာထားစိုက်ပျိုးခဲ့ပြီး မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ မုံညှင်းစသည့် ဆီထွက်သီးနှံစိုက်ဧကပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးနိုင်ရန် လျာထားလုပ်ဆောင်လျက်ရှိကြောင်း မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းအရ သိရသည်။
ဇေယျတု(မကွေး)


