ပြည်ကြီးတံခွန်   ၁၂  ဇွန် 

 

ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံး၊ရုံးခွဲ(၃)မှ ကိုဗစ်ကာလပိတ်ရက်အတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်း ရရှိသော အလုပ်ဌာန(၄)ခုအား အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါ ပေးအပ်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံး၊ ရုံးခွဲ (၃) မှ တာဝန်ခံအရာရှိ ဒေါ်သိင်္ဂီဦး က လူမှုဖူလုံရေးအကျိုးခံစားခွင့်(၄၀)ရာခိုင်နှုန်း ရရှိသော Myo Thein  Electric ကုမ္ပဏီ မှ အာမခံအလုပ်သမား ၄၂ ဦး အား ပိတ်ရက်ပေါင်း၂၃ ရက်အတွက် ငွေကျပ် ၁၅၄၂၅၃၃ ဒသမ ၃၃ အားလည်းကောင်း၊ စုစည်းချမ်းသာ အလုပ်ရုံ မှ အာမခံအလုပ်သမား ၈၉ ဦးအား ပိတ်ရက်ပေါင်း ၁၁ ရက်အတွက် ငွေကျပ် ၂၀၀၈၈၉၃ ဒသမ ၃၃ အားလည်းကောင်း၊ AAA Ready Mixed Concrete စက်ရုံ မှ အာမခံအလုပ်သမား ၇၈ ဦးအား ပိတ်ရက်ပေါင်း ၂၃ ရက်အတွက် ငွေကျပ် ၃၄၀၀၃၂၀ အား လည်းကောင်း၊ Fuxing Brother Co,Ltd မှ အာမခံအလုပ်သမား ၁၀ ဦးအား ပိတ်ရက်ပေါင်း (၂၄)ရက်အတွက် ငွေကျပ် ၇၅၂၀၀၀ အားလည်းကောင်း အသီးသီးထုတ်ပေးရာ အဆိုပါ အလုပ်ဌာနများမှ တာဝန်ခံအသီးသီးက လက်ခံရယူသည်။ 

 

“ကျွန်မတို့ရုံးခွဲ (၃) မှာ လူမှုဖူလုံရေး အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်း လာရောက်လျှောက်ထားတဲ့ အလုပ်ဌာန တွေထဲကမှ ဒီနေ့အထိ ရုံးချုပ်က စိစစ်ပြီး ခွင့်ပြုမိန့် ကျလာတဲ့ အလုပ်ဌာနပေါင်း (၂၁) ဌာနရှိပါတယ်၊ ဒီနေ့ထုတ်ပေးတဲ့ (၄)ဌာနနဲ့ ဆိုရင် အလုပ်ဌာန(၆) ခုကို ထုတ်ပေးပြီး သွားပါပြီ၊ ခွင့်ပြုမိန့်ကျပြီး ကျန်ရှိတဲ့အလုပ်ဌာန (၁၅) ဌာနကိုလည်း ဆက်သွယ်ထားပါတယ်၊ ဆက်လက်ထုတ်ပေး သွားမှာပါ၊ ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံး၊ ရုံးခွဲ(၃) မှ တာဝန်ခံအရာရှိ ဒေါ်သိင်္ဂီဦး က ပြောကြားသည်။

 

ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံး ရုံးခွဲ (၃) တွင် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနပေါင်း ၁၄၄၂ ဌာနရှိကြောင်း၊ မေလ(၁၁)ရက်မှ ဇွန်လ(၁၂)ရက်အထိ လူမှုဖူလုံရေး ၄၀ ရာခိုင်နှုန်းလျှောက်ထားလာသည့် အလုပ်ဌာနပေါင်း (၂၆၅) ဌာနရှိကြောင်း၊ ဆက်လက် လျှောက်ထားနေသော အလုပ်ဌာနများလည်းရှိကြောင်း လူမှုဖူလုံရေးရုံး၊ ရုံးခွဲ(၃) မှ တာဝန်ခံအရာရှိ ဒေါ်သိင်္ဂီဦးထံမှ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)