မန္တလေး ၇ အောက်တိုဘာ
ကိုဗစ်ကာလတွင် တောင်ပေါ်ဒေသများမှ ထွက်ရှိသည့်ပန်းများ လှိုင်လှိုင်ဝင်ရောက်ခြင်းကြောင့် မန္တလေး ပန်းဈေးကွက်ဈေးနှုန်း ထက်ဝက်ခန့်ကျဆင်းသွားကြောင်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့တော်ပန်းဈေးတွင် ပန်းမျိုးစုံအရောင်းအဝယ်ပြုလုပ်သူ ဦးအောင်မြင့် က ပြောကြားသည်။
မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့ မြို့တော်ပန်းဈေးမှာ ပန်းမျိုးစုံအရောင်းအဝယ် ပြုလုပ်လျက်ရှိပါတယ်၊ ပန်းဈေးတွေကျဆင်းလာတာ တစ်လနီးပါးလောက်ရှိသွားပြီး၊ အဓိကတော့ ဂန္ဓမာပန်းတွေပေါ့၊ ယခင်က ဂန္ဓမာပန်းတစ်စီးကို ငွေကျပ်နှစ်ထောင့်ငါးရာ/ သုံးထောင်ဈေးရှိပေမယ့်၊ ယခုအခါမှာတော့ တစ်စီးကိုငွေကျပ် တစ်ထောင်ကျော်လောက်နဲ့သာ ရောင်းချနေရတယ်၊ ပန်းစိုက်တောင်သူတွေလည်း မကိုက်တော့ဘူး၊ ကျွန်တော်က ဂန္ဓမာပန်းလည်းစိုက်တယ်၊ ဒီမှာလည်း အရောင်းအဝယ်ပြုလုပ်တယ်၊ တောင်သူတွေဆိုရင် တစ်စီးကို ငါးရာကနေ ရှစ်ရာလောက်ပဲ ဈေးရကြတယ်၊ ဟု မြို့တော်ပန်းဈေးတွင် ပန်းမျိုးစုံ အရောင်းအဝယ် ပြုလုပ်သူ ဦးအောင်မြင့်က ပြောကြားသည်။
ပန်းဈေးတွေဘာကြောင့် ကျလာတာလဲဆိုတော့ ကိုဗစ်ကာလဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရန်ကုန်သွားမဲ့ ပန်းတွေဆိုရင် ဒီဈေးမှာပဲစုပြုံ ရောက်လာတယ်၊ အဓိကကတော့ တောင်ပေါ်ဒေသက ထွက်တဲ့ပန်းတွေကလည်း ဒီဈေးမှာပဲ စုပြုံရောက်လာတယ်၊ ဒီဈေးမှာ ပုံမှန် အရောင်းအဝယ်လုပ်တဲ့ ပန်းတွေကလည်းဒီဈေးမှာ ရောက်တယ်၊ ပန်းအဝင်များတော့ ရောင်းမကုန် ကြတော့ဘူး၊ ဒါကြောင့် ပန်းဈေးနှုန်းတွေ တဖြည်းဖြည်း ကျဆင်းလာတာပါ၊ ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြို့တော်ပန်းဈေးကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဈေးဆိုင်ခန်းပေါင်း (၉၀)ကျော်ဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ စတင်ဖွင့်လှစ်ပေးခဲ့ပြီး အထက်မြန်မာပြည်ရဲ့ အချက်အချာကျသော လက်ကားပန်းဈေး တစ်ခုဖြစ်ကာ နေ့စဉ်ပန်းအရောင်းအဝယ်ပြုလုပ်သူ (၁၀၀)ကျော်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


