မန္တလေး ၂ ဇွန်

 

ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသော အထည်ချုပ်အလုပ်သမားများသည် ဥရောပသမဂ္ဂ အရေးပေါ်ရန်ပုံငွေဖြစ်သည့် မြန်ကူ (Myan Ku) မှ တစ်ဆင့် ယူရို ၅သန်း(မြန်မာကျပ်ငွေ ၇.၉ ဘီလီယံ) အား ငွေကြေးကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

 

မေလ ၁ရက်နေ့မှ စတင်၍ “မြန်ကူ” ငွေကြေးပံ့ပိုးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့တွင် ၁၂,၉၁၃ ဦး နှင့် မြန်မာကျပ်ငွေပေါင်း ၁,၀၄၁,၀၀၀,၀၀၀ ကျပ်အား ပံ့ပိုးပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ 

 

ငွေကြေးပံ့ပိုးမှု လက်ခံ ရရှိသူများတွင် ရန်ကုန်၊ ပုသိမ်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းဒေသကြီး နှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသမီးစက်ရုံအလုပ်သမား ၁၁,၀၀၀ ကျော် ပါဝင်သည်။ 

 

“ဒီလိုအချိန်ကာလအတွင်းမှာ၊ ကျွန်မစက်ရုံကလည်း ပိတ်ထားပြီး ကျွန်မမှာလည်း ဝင်ငွေမရှိပါဘူး။ အဲဒီ့အတွက် ကျွန်မ လယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပေမယ့် အဲဒါက ကျွန်မ မိသားစုလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဒီလိုအချိန်အတောအတွင်းမှာ၊ ဒီ မြန်ကူ ထောက်ပံ့မှုက ကျွန်မမိသားစုရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်” ဟု မအိန္ဒြာထက် က ပြောပြခဲ့သည်။ 

 

အလုပ်သမားအများစုမှာ ရန်ကုန်တွင်နေထိုင်ကြသော်လည်း မန္တလေးမြို့ နှင့် မကွေးတိုင်းဒေသကြီးရှိ ရာပေါင်း များစွာသော အလုပ်သမားများ၊ ပုသိမ်မြို့နှင့် အနီးတဝိုက်ရှိ အလုပ်သမားပေါင်း သုံးထောင်ကျော်မှလည်း ငွေကြေးထောက်ပံ့မှုများ ရရှိခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် အခြားသော မိမိတို့နေရပ်သို့ပြန်သွားကြသည့် အလုပ်သမားများ သည်လည်း အရေးပေါ်ငွေကြေး ထောက်ပံ့မှုများ လက်ခံရရှိခဲ့ကြောင်း သိရသည်။ 

 

“မြန်ကူမှ ပိုပြီးထိခိုက်နစ်နာမှုရှိနိုင်တဲ့ အလွန်အမင်း ဆင်းရဲနွမ်းပါးသူတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးလုပ်သားတွေနဲ့ ကလေးသူငယ်ရှိတဲ့ အမျိုးသမီးလုပ်သားတွေအတွက် လုံခြုံစိတ်ချရတဲ့ ကွန်ရက်တစ်ခုကို တိုးမြှင့်လုပ်ဆောင်ထားပါတယ်။  ယခုလိုအောင်မြင်စွာလုပ်ဆောင်နိုင်မှုအတွက်လည်း မြန်ကူ ကို အခိုင်အမာပံ့ပိုးပေးတဲ့ အလုပ်ရှင် အဖွဲ့အစည်းများ၊ အလုပ်သမား သမဂ္ဂများနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အပါအဝင် လူမှုမိတ်ဖက်အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ဆိုသည်။ 

 

ယခုအချိန်ထိ အထည်ချုပ်၊ အထည်အလိပ် နှင့် ဖိနပ် စက်ရုံ စုစုပေါင်း ၁၂၂ ခု မှ အလုပ်သမားပေါင်း ၂၀,၀၀၀ ကျော် လျှောက်ထားခဲ့ကြောင်းသိရသည်။

 

“အခုလို အကြပ်အတည်းကာလအတွင်း ဝင်ငွေရနိုင်မယ့် အခြားအခြေအနေတွေ မရှိပေမယ့်၊ မြန်ကူ ထောက်ပံ့မှုဟာ ကျွန်မမိသားစုရဲ့ အခြေခံလိုအပ်ချက်တွေ ကာမိအောင် အထူးသဖြင့် အစားအသောက်ဝယ်ယူနိုင်အောင် ကူညီပေးပါတယ်” ဟု မမိုးသန္တာဝင်း က ပြောသည်။

 

မေသက်ထား