ကိုဗစ်-၁၉ ကပ်ရောဂါကို အဆိုးရွားဆုံး ကျန်းမာရေးအရေးပေါ်အခြေအနေ အဖြစ် ရင်ဆိုင်နေဆဲ ဖြစ်သည်ဟု ယမန်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောကြားခဲ့သည်။ ကြောက်မက် ဖွယ် ကောင်းသော ကူးစက် ကပ်ရောဂါဘေးကိုကမ္ဘာ့သမိုင်းတွင် ကြုံတွေ့ခဲ့ကြရပြီးဖြစ်သည်။ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း လူသိန်းသန်းချီ သေဆုံးပျက်စီးခဲ့မှုများမှာ အချိန်ကာလတစ်ခု အထိ ကြာမြင့်ခဲ့သည်။
ကပ်ရောဂါအသစ်အဆန်းများသည် စတင်ဖြစ်ပွားပြီးနောက် အလိုအလျောက် ပျောက်ပျက်သွားခြင်း မရှိဘဲ ရောဂါကာကွယ်ဆေး စမ်းသပ် ဖော်ထုတ်မတွေ့ရှိသရွေ့၊ လူအများအားလုံး ရောဂါကာကွယ် ရေး ဆိုင်ရာ ကျန်းမာရေးအချက်အလက်များကို မလိုက်နာသရွေ့ ကူးစက်ရောဂါမှာ အရှိန်အဟုန် ဖြင့် ကာလတစ်ခုအထိ အချိန်ကြာမြင့်စွာရှိနေတတ်သည်ကို ရောဂါဖြစ်စဉ်သမိုင်းများနှင့် လက်ရှိဖြစ် ပေါ်နေမှု အနေအထားများအရ ဆင်ခြင်သတိပြုမိကြရမည်ဖြစ်သည်။
လက်ရှိတွင် ရောဂါဖြစ်ပွားနေသော ကမ္ဘာပေါ်ရှိနိုင်ငံများ၏ ဖြစ်စဉ် အတွေ့အကြုံများအရ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြသော နိုင်ငံများတွင် ရောဂါကူးစက်မှုကို ဟန့်တားထိန်းချုပ်နိုင်ပြီး ရောဂါများ တစ်စတစ်စ ပျောက်ကင်းသက်သာ ကင်းစင်လာသည်ကိုတွေ့ရသည်။ ရောဂါကာကွယ် ရေးအတွက် ကျန်းမာရေးဆိုင်ရာလိုက်နာရမည့်အချက်များကို လိုက်နာရန် အားနည်းသောနိုင်ငံများတွင် ရောဂါ ကူးစက်မှုကို မထိန်းချုပ်နိုင်ဘဲ နေ့စဉ်နှင့်အမျှ တိုးတက်များပြားလာသည်ကို တွေ့ရမည်ဖြစ်သည်။
ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို လိုက်နာကြ၍ ရောဂါကို ကာကွယ်ထိန်းချုပ် နိုင်သော နိုင်ငံများတွင်လည်း ရောဂါကင်းစင် လာပြီဟူ၍ ပေါ့ဆလိုက်သည်နှင့်တစ်ပြိုင်နက် ရောဂါ ပြန်လည်ကူးစက် ဖြစ်ပွားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၏ဖြစ်စဉ်များကို ခြုံငုံ သုံးသပ်ကြည့်မည်ဆိုလျှင် ရောဂါဘေးထက် နိုင်ငံအရေး၊ လူအများ အရေး၊ ကိုယ့်သဘောဆန္ဒ အလျောက် ကိုယ့်စိတ်နှင့်ကိုယ် နေထိုင်ကြသော အရေးတို့ကြောင့် ရောဂါကူးစက်မှုနှင့်သေဆုံးမှုများ တိုးပွားနေဆဲဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးပညာရှင်များ၏သုံးသပ်ချက်အရရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်ခက်ခဲနေသည့် နိုင်ငံများသည် ရောဂါစတင်ဖြစ်ပွားစဉ် အသွားအလာကန့်သတ်မှုများကို စောစီးစွာမပြုလုပ် နိုင်ခဲ့ခြင်း၊ သက်ကြီးရွယ်အို များအား အထူးဦးစားပေးကာကွယ်စောင့်ရှောက်မှု မပေးနိုင်ခဲ့ခြင်း၊ ရောဂါပိုး ကူးစက်ခံရခြင်းရှိ၊ မရှိကို အလေးအနက်ထားပြီး စစ်ဆေးခြင်းနှင့် ရောဂါ ကူးစက် ခံနေရသော နေရာဒေသများသို့ သွားရောက်ခဲ့သူများအား ခြေရာ မခံနိုင်ခြင်း စသည့်အချက်များ ကြောင့် ရောဂါကူးစက်မှုနှင့် သေဆုံးမှုများ ဆက်လက်တိုးပွားနေသည်ဟု ဆိုပါသည်။
မြန်မာတို့၏ဆိုရိုးစကားအရ အပ်နှင့်ထွင်းရမည်ကို ပုဆိန်နှင့်ပေါက်ရ သည့် အဖြစ်မျိုးသို့ရောက် သွားသောကြောင့် ထိန်းမနိုင်သိမ်းမရ အခြေအနေ နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အစ ကမ္ဘာ တွင် ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုတစ်နိုင်ငံလုံးလွှမ်းခြုံကာ အလေးထားဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတော်အစိုးရ၏ ကြိုတင်လက်ဦး ဆောင်ရွက်ပေးနိုင်မှုများနှင့် ပြည်သူ လူထုအားလုံး၏အသိတရားဖြင့် လက်တွဲ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်မှု များကြောင့် ရောဂါဖြစ်ပွားမှုကို လက်ဦးမှုရယူဆောင်ရွက် နိုင်ခဲ့သည်။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တရားဝင်ရှာဖွေ ဖော်ထုတ် အတည်ပြု ကုသ နိုင်ခြင်းမရှိသေးပေ။ စမ်းသပ်ကုသနေဆဲ အဆင့်သာ ရှိသေးသည်။ ကမ္ဘာတွင် ကိုဗစ်-၁၉ ရောဂါ အရှိန်မကျသေးဘဲ ဆက်လက်တိုးတက်ဖြစ်ပွားနေသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဝယ်ရှိပြီး အဓိကအချက် သုံးချက်ကို အားလုံးလိုက်နာ ကြလျှင် ရောဂါကင်းဝေးမည်ဖြစ်သည်။ လူစု လူဝေးများကို ရှောင်ရှားခြင်း၊ နှာခေါင်းစည်းများကို ဝတ်ဆင်ခြင်းနှင့် လက်ကိုသန့်ရှင်းစင်ကြယ်စွာ ဆေးကြောခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ၃၅၀ ရှိပြီးရောဂါ မှပြန်လည်သက်သာ လာသူ၂၉၂ ဦးရှိသည်။ သေဆုံးသူမှာ မဆိုစလောက်သာ ရှိပြီး ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့် ရမည့်လူ ခြောက်ထောင်ကျော်ကို ဂရုစိုက်စောင့်ကြည့်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အဓိကစောင့်ကြပ်ကြည့်ရှု ကာကွယ်ကုသမှုပေးလျက်ရှိသောမြို့မှာ ရန်ကုန်မြို့ပင် ဖြစ်ပြီး ရန်ကုန်မြို့တွင် ရောဂါကင်းစင်လျှင် တစ်နိုင်ငံလုံး ရောဂါဘေးအတွက် စိတ်အေး ရမည်ဖြစ်သည်။ လက်ရှိတွင် အဓိကအချက်ဖြစ်သည့် ပြည်တွင်း နေသူအချင်းချင်း၌ ရောဂါ ကူးစက်မှု မရှိသည်ကို ပေါ့ပေါ့ဆဆ နေထိုင် လုပ်ကိုင်သွားလာမှုများရှိလာသည်မှာ စိတ်မအေး ဖွယ် ဖြစ်သည်။ မျှော်လင့်မထားသော၊ မမျှော်မှန်းနိုင်သော ရောဂါပေါ်ပေါက်လာမည်ကို စိုးရိမ်ပူပန်ကာ သွားသတိ၊ လာသတိ သတိဝီရိယဖြင့် နေထိုင်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံး ကျန်းမာရေး ဌာနမှထုတ်ပြန်ထားသော လိုက်နာရမည့် အချက်များအနက် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်း၊ နှာခေါင်းစည်းများ ဝတ်ဆင်ခြင်း၊ လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောခြင်းဟူသည့် အချက် သုံးချက်ကို ရောဂါကင်းစင်သည်အထိ ဆက်လက်လိုက်နာကျင့်သုံး ကြပါရန် လေးစားစွာ တိုက် တွန်းအပ်ပါသည်။