၁၄ နိုဝင်ဘာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်ထားသည့် ကိုဗစ်ကုသ ရေးဧရာဝတီစင်တာ(မန္တလေး)ကို (၃၇၅) ခုတင်ဆံ့ ကုသရေးစင်တာအဖြစ် တိုးချဲ့တည်ဆောက် ခဲ့ပြီး ရောဂါပိုးကူးစက်ခံထားရသူများအား ကုသပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်နှင့် တာဝန်ရှိသူများသည် (၃၇၅) ခုတင်ဆံ့အဖြစ် တိုးချဲ့တည်ဆောက်ထားသည့် ကိုဗစ် ကုသရေး ဧရာဝတီစင်တာ(မန္တလေး)ကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်၊ ဧရာဝတီ စင်တာ(မန္တလေး) တာဝန်ခံဆေးရုံအုပ် ဒေါက်တာဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများက စီစဉ် ဆောင်ရွက်ထားမှုများအား ရှင်းလင်းတင်ပြကာ ဝန်ကြီးချုပ်က လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးခဲ့သည်။

မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ တည်ဆောက်ထားသည့် ကိုဗစ်ကုသရေး ဧရာဝတီစင်တာ (မန္တလေး) ကို ယခင်က ခုတင် (၃၀၀) ဆံ့အဖြစ် တည်ဆောက်ခဲ့ပြီး ယခုအခါ လိုအပ်ချက်များအရ  ICU/HDU အပါအဝင် (၇၅) ခုတင်တိုးချဲ့ကာ (၃၇၅) ခုတင်ဆံ့ ကုသရေးစင်တာအဖြစ် တိုးချဲ့ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကုသရေး ဧရာဝတီစင်တာ (မန္တလေး) တွင် ရောဂါပိုးကူးစက်ခံထားရသူများအား ကုသပေးရန် ခေတ်မီစက်ပစ္စည်းများ တပ်ဆင်ပေးထားသလို ICU/HDU တွင် ကုသခံရမည့်လူနာ များအတွက် ခေတ်မီကုသရေးပစ္စည်းများ၊ ကျောက်ကပ်ဆေးသည့်စက်များ၊ ဓာတ်ခွဲခန်းများ လည်း ထည့်သွင်းတပ်ဆင်ပေးထားသည်။ ဧရာဝတီစင်တာ (မန္တလေး) တွင် ရောဂါကုသမှုများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ကာ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများနှင့် ရောဂါကုသမှုခံယူမည့် လူနာ များ၏ နေ့စဉ်အစားအသောက်များကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် Test and Care စင်တာလည်း ထည့်သွင်းဆောက်လုပ်ထားပြီး ရောဂါပိုးရှိမရှိ စစ်ဆေး ပေးသွားမည်ဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုကို ခံယူကာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူများအား ကုသပေးရန် ကိုဗစ်-၁၉ ရောဂါကုသရေး ဧရာဝတီစင်တာများကို ရန်ကုန်မြို့တွင် ခုတင် ၁၀၀၀ ဆံ့၊ မန္တလေးမြို့တွင် ၃၇၅ ကုတင်ဆံ့အဖြစ် ဆောက်လုပ်ပေးထားသည်။

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ကိုမိုး