ရန်ကုန်၊ ၉ ဒီဇင်ဘာ

ကိုဗစ်လွန်ကာလတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ် လေ့လာနိုင်ရန် ကော့သောင်း၊ ဘုတ်ပြင်းရှိ ဒီရေတောများ၊ ပင်လယ်ပြင်မွေးမြူရေး လုပ်ငန်းမျာနှင့်  ပါချန်နှင့် ပုလုံး တုံးတုံး ဒီရေတောတို့ကို သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားရာ အပန်းဖြေ ခရီးနှင့်အတူ ကြည့်ရှုနိုင်ရန် ဆွဲဆောင်မှုအပြည့် ပြင်ဆင်ထားမှုရှိကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ပါချန်ဒီရေတောတွင် ခရုညို-ကမာ မွေးမြူရေးလုပ်ငန်း၊ ငါးမျိုးစိတ်၊ ပုစွန်မျိုးစိတ်နှင့် ဇီဝမျိုးစုံမျိုးကွဲ  လုပ်ငန်းများဖြင့် အသက်မွေးလျက်ရှိပြီး ပုလုံးတုံးတုံးဒီရေတောကိုလည်း  ကိုဗစ်-၁၉ ရောဂါမတိုင်မီက ပြည်တွင်း၊ ပြည်ပ ခရီးသွားများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

“မြိတ်ကျွန်းစုမှာလည်း ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းတွေဖွဲ့ထားသလို တနင်္သာရီတိုင်းရဲ့ အခြားမြို့ တွေ မှာလည်း ရှိပါတယ်။ ဝဲကြီးဝဲငယ်မှာဆိုရင် ဒီရေတောမွေးမြူရေးလုပ်ငန်းတွေ လာရောက် လေ့လာတာရှိတယ်။ ပါချန်မြစ်ဝှမ်း ဒီရေတောမှာဆိုရင် သဘာဝအတိုင်း ခရု၊ ငါး၊ ပုစွန်၊ ကမာ၊ မွေးမြူကြ တာရှိတယ်။ ကော့သောင်းအနီးနဲ့ အောင်ဘာကျွန်းမှာလည်း ကျောက်ငါးမွေးမြူရေးလုပ်ငန်းရှိတယ်။ ကိုဗစ်အလွန်ကာလမှာ ပြည်တွင်း ပြည်ပ ခရီးသွားတွေ လာရောက် လည်ပတ်ရင်း လေကောင်းလေ သန့် ရှူဖို့ အားလုံး သူ့သဘာဝအတိုင်း အဆင်သင့် စောင့်မျှော်နေပါတယ်” ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန့်ဇင် က  ပြောသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ပုဂံ၊ အင်းလေး၊ တောင်ကြီးနှင့် ကော့သောင်းမြို့သို့ ခရီးသွားအများ ဆုံး ဝင်ရောက်သောကြောင့် ပင်လယ်ပြင်သဘာဝအလှနှင့် ဒီရေတောမွေးမြူရေးလုပ်ငန်းကို စိတ်ဝင် စားသူများ ကော့သောင်းသို့ လာရောက်လည်ပတ်လေ့ရှိသည်။  ရပ်ရွာအခြေပြုခရီးသွားအဖွဲ့အစည်းများ အနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သဘာဝမွေးမြူရေးလုပ် ငန်းဖြစ်သော ဂဏန်းမွေးမြူရေးလုပ်ငန်း၊   ၁၂၄ ဧကကျော်ရှိသော သူဌေးကျွန်း ပုစွန်မွေးမြူရေးလုပ်ငန်း၊ ပုလဲမွေးမြူရေးလုပ်ငန်း၊ လန်ပိကျွန်းအနီးရှိ ဝ အလယ်ကျွန်း၌ ပင်လယ်လိပ်ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်း၊ ဒီရေတောထိန်းသိမ်းခြင်းလုပ်ငန်း၊ ညောင်ဦးဖီးအပန်းဖြေကျွန်းနှင့် ဆလုံကျွန်းများသို့ ကိုဗစ် အလွန်ကာလတွင် အပန်းဖြေခရီးစဉ်နှင့်အတူ လေ့လာလည်ပတ်နိုင်ရန် ဆွဲဆောင်မှုအပြည့်ဖြင့် ဖိတ်ခေါ် လျက်ရှိကြောင်း သိရသည်။

သန်းထိုက်