ရန်ကုန် ၊ ၂၄ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါကာလတွင် စီးပွားရေထိခိုက်မှုကို နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရှိရာ ခရီးသွားရာသီ၌ ကိုဗစ်နှင့်ယှဉ်တွဲ၍ ခရီးသွားအပန်းဖြေမှုကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းက ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
ပထမဆုံးအကြိမ်အဖြစ် အပျော်စီးလေယာဉ်ခရီးစဉ်ကို Myanmar National Airlines မှ ဒီဇင်ဘာ ၂၀ ရက်နေ့က ရန်ကုန်-ကျိုက်ထီးရိုး၊ဘားအံ-သံလွင် မြစ်ပြင်အလှကြည့်ရှုခံစားနိုင်သော ခရီးစဉ်အဖြစ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုဖြင့် ခရီးသွား ၅၀ လိုက်ပါလျက် ကောင်းကင်ယံ မှဘားအံမြို့ရှုခင်းအလှနှှင့် ကျိုက်ထီးရိုးစေတီတော်ကို ဝေဟင်မှ ဖူးမြော်ခဲ့ကြသည်။ ထို့နည်းတူ ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲမှုကို ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ခရီးသည် ၁၂၀ လိုက်ပါနိုင်သော်လည်း ကျန်းမာရေးသတ်မှတ်စည်းကမ်းနှင့်အညီ ခရီးသည် ၃၀ ကို ဗိုလ်တထောင်ဆိပ်ကမ်းမှတစ်ဆင့် သန်လျက်စွန်း၊ ထိုမှ ဘုရင့်နောင်တံတားအမှတ် ၁ ထိ ၃ နာရီကြာ ခရီးစဉ်ကို စမ်းသပ်ပြေးဆွဲခဲ့သည်။
ခရစ္စမတ်နေ့ဖြစ်သော ဒီဇင်ဘာ ၂၅ ရက်နေ့၌ ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောဖြင့် အများပြည်သူအပန်းဖြေ စီးနင်းနိုင်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းက ဆောင်ရွက်လျက်ရှိရာ လက်မှတ်များကို ဒီဇင်ဘာ ၂၁ ရက်နေ့မှစတင်၍ ရောင်းချလျက်ရှိပြီး ခရစ္စမတ် နေ့တွင် နံနက် ၈ နာရီတစ်ကြိမ်၊ ညနေ ၄ နာရီတစ်ကြိမ်ဖြင့် ခရီးသွား ၃၀ တင်ဆောင်လျက် တစ်ရက်နှစ်ကြိမ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးက သင်္ဘောငှားပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ဆောင်ရွက်ရပါတယ်။ ကိုဗစ်ကာလမှာ ဌာနအတွက် ဝင်ငွေမရတာကြာပါပြီ၊ အခုလိုငှားရမ်းတဲ့အတွက် အခွန်ငွေအပြည့်အဝ ရပါတယ်။ သူတို့တိုးချဲ့ပြီး ပြေးဆွဲမယ်ဆိုရင် ခရီးသွားလုပ်ငန်းကနေ နိုင်ငံတော်အတွက် အခွန်ငွေရစေမှာပါ” ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊မြစ်ဝကျွန်းပေါ်ဌာနခွဲ(စီမံကွပ်ကဲ)မှ မန်နေဂျာ ဦးကျော်ထူးအောင်က ပြောသည်။
ရန်ကုန်မြို့ခရီးသွားရာသီတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကို ဆောင်ရွက်လျက်ရှိပြီး ခရီးသွားလုပ်ငန်းများ ရပ်နားထားချိန်၌ လူနည်းနည်းဖြင့် အပန်းဖြေခရီးသွားနိုင်သော ဝန်ဆောင်မှုကို ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောခရီးစဉ် အနည်းငယ်ကို ပြေးဆွဲပေးလျက်ရှိသည်။“အခုလက် ရှိ ၁၂ ယောက်စီး စင်းလုံးငှား သင်္ဘောဘုတ်နဲ့ မြစ်ပြင်အပန်းဖြေ ပြေးဆွဲတာတော့ရှိတယ်။ သင်္ဘောကြီးနဲ့တော့ အရင်လိုသွားလာတာ မရှိသေးဘူး။ ပြန်ပြီးထွက်လို့ရအောင် ကြိုးစားနေပါတယ်။ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ပူး ပေါင်းဆောင်ရွက်တဲ့ ပန်းဆိုးတန်း ကျန်းမာရေးဆိပ်ကမ်းက ထွက်တဲ့ အပျော်စီး သင်္ဘောတစ်စင်း ပြေးဆွဲနေတာတော့ရှိတယ်။ မတ်လထဲက စီးပွားရေးရပ်ဆိုင်းသွားတာကြောင့် အခုလို ခရီးသွားရာသီမှာ ကိုဗစ်နဲ့ယှဉ်တွဲပြီး လုပ်ငန်းတွေ ပြန်လုပ်ဖို့ကြိုးစားရမှာပါ” ဟု Royal Green River Prince အပျော်စီးသင်္ဘောမှ မန်နေဂျာမဆုလဲ့က ပြောသည်။
သန်းထိုက်
ဓာတ်ပုံ-သန်းစိုး


