မန္တလေး၊ ၁၄ ဇန်နဝါရီ

 

ကိုဗစ်ပိုးတွေ့ရှိမှုနှုန်း လျော့ကျလာသည့်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ Quarantine စင်တာ ၅ ခု ယာယီပိတ်သိမ်းလိုက်ကြောင်း သိရသည်။

 

ပိတ်သိမ်းလိုက်သည့် Quarantine စင်တာများမှာ ရတနာပုံတက္ကသိုလ်၊ အမှတ် ၂၄ အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် ၃၀ အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် ၂၂ အခြေခံပညာ အလယ်တန်းကျောင်းနှင့် မန္တလေးပညာရေး ဒီဂရီကောလိပ်တို့ ဖြစ်သည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်ခံရမှုသည် နိုဝင်ဘာလအတွင်း တစ်ရက်လျှင် ရောဂါပိုးတွေ့ရှိသူ ၃၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာလတွင် ရောဂါပိုးတွေ့ရှိသူ ၁၀၀ ဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာသောကြောင့် Quarantine စင်တာများကို ပြန်လည်ပိတ်သိမ်းနေခြင်း ဖြစ်သည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ဇန်နဝါရီ ၁၃ ရက်အထိ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၅၀၀၀ ခန့်ရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၃၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း လျော့ကျလာပြီး Quarantine စင်တာများတွင်လည်း ထိတွေ့ဆက်စပ်သူ ပို့ဆောင်ထားရှိမှု နည်းပါးလာသည့်အတွက် စင်တာ ၅ ခုကို ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

 

ဖြိုးအိ