ရန်ကုန် ၂၂ ဇူလိုင်

 

ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ မြန်မာကျပ်ငွေ သန်း ၇၀ ကို တယ်လီနောမြန်မာမှ လှူဒါန်းခဲ့ကြောင်း တယ်လီနောမြန်မာမှ သိရသည်။

 

အဆိုပါလှူဒါန်းမှုတွင် တယ်လီနောသုံးစွဲသူများမှ စာတိုပေးပို့မှုမှတစ်ဆင့် ကျပ်ငွေ ၅ ဒသမ ၇ သန်းနှင့် တယ်လီနောမြန်မာမှ သန်း ၆၀ ကျော် (၆၄ ဒသမ ၃ သန်း) စုစုပေါင်းငွေကျပ် သန်း ၇၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

“မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စေတနာသဒ္ဒါတရား ထက်သန်မှုဟာ ထင်ရှားကျော်ကြားလှပြီး အခု စာတိုပေးပို့လှူဒါန်းမှု အစီအစဉ်ကလည်း ဒါကို ထပ်လောင်းသက်သေပြသလိုပါပဲ။ ဒါက ကိုဗစ်-၁၉ ကာလမှာ အားလုံး စည်းစည်းလုံးလုံး ရင်ဆိုင်ကျော်ဖြတ်နေတယ်ဆိုတာကို ပြသခဲ့ပြီး အခုလို မြန်မာနိုင်ငံအနှံ့က လူမှုအသိုင်းအဝိုင်းတွေ လိုအပ်နေချိန်မှာ ပြန်လည်ကူညီခွင့်ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်” ဟု တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ် Hans Martin Høegh Henrichsen မှ ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာကို မတ်လအတွင်း စတင်တွေ့ရှိစဉ်ကတည်းက ကိုဗစ်-၁၉ ရောဂါအခြေအနေ စောင့်ကြည့်ခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ၎င်းတို့ထံ လာရောက်တွေ့ဆုံသူများ ဘေးကင်းလုံခြုံစေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်နိုင်ရန် တစ်ကိုယ်ရေသုံး သန့်ရှင်းရေး၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို တယ်လီနောမြန်မာမှ  Network Activities Group (NAG) မှတစ်ဆင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ  ယာယီကိုဗစ်-၁၉ စောင့်ကြည့်စင်တာ ၁၅ ခုသို့ လှူဒါန်းပေးအပ်ခဲ့သည်။ ထို့အပြင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေရသည့် ပြည်သူများ အဆက်အသွယ် မပြတ်တောက်စေရန် တယ်လီနောမြန်မာသည် ဒေတာ 1GB ပါဝင်သည့် ဆင်းကတ်ပေါင်း (၂၅,၀၀၀) ကို သက်ဆိုင်ရာ စင်တာများရှိ ဒေသတွင်း အစိုးရအဖွဲ့အစည်းများထံသို့ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် တယ်လီနောသည် ဆက်သွယ်ချိတ်ဆက်မှု အလှမ်းဝေးနေသော လူမှုအသိုင်းအဝိုင်းများမှ ဆရာ၊ ဆရာမများအတွက် ပညာရေးဝန်ကြီးဌာန၏ MDEP ဝက်ဆိုဒ်ကို အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်နှင့် အခြေခံပညာဦးစီးဌာန သင်ကြားရေး ရင်းမြစ်များ (DBE Boxes) များကိုလည်း တယ်လီနောမှ ပေးအပ်လှူဒါန်းခဲ့သည်။

 

တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တယ်လီနောသည် ၂ဝ၁၅ ခုနှစ်မှ ယနေ့တိုင်အောင် ဘေးအန္တရာယ်သင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့အဖြစ် မြန်မာကျပ်ငွေ သန်း (၁၀၀၀) ကျော်ကို ပံ့ပိုးပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

မေသက်ထား