သင်္ချာအောင်သင်း
ယခင်က နှစ်စဉ် ဇွန်လ ၁ ရက်နေ့သည် ကျောင်းများဖွင့်လှစ်ချိန်ဖြစ်သည်။ ယခုနှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် ဇူလိုင်လ ၂၁ ရက်နေ့တွင် Grade-10 နှင့် Grade-11 (၉တန်း နှင့် ၁၀ တန်း) ကျောင်းစတင်ဖွင့်လှစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့တွင် လွန်စွာမှပင် ဒဏ်ရာဒဏ်ချက်များ ရကာ အစစအရာရာ အထိနာခဲ့၊ အထိနာနေဆဲ ဖြစ်သည်။ ကိုဗစ်ကပေးသော သင်ခန်းစာဖြစ်သည့် ကျန်းမာရေး ပညာ၊ လူနေမှုဘဝပညာတို့တွင် အသိ၊ သတိနှင့် ပညာရှိကြဖို့ လိုအပ်ပါသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၏ဆရာ ဆရာမများ၊ ကျောင်းသားများ၊ အရာထမ်း၊ အမှုထမ်းများအားလုံးအတွက် လမ်းညွှန်ချက် ထွက်ရှိလာသည်။ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးရေး ကျောင်းသား ကျောင်းသူများ (TV Video Phones Computer) ဂိမ်းစွဲလန်းမှုပပျောက်ရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေးတို့အတွက် မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကြရန်ဟူ၍ လမ်းညွှန်ထားပါသည်။ ဆရာ၊ ကျောင်းသား၊ မိဘပြည်သူများ ပူးပေါင်းညီညွတ်ကြရန် လိုသည်။
ပညာရေးလမ်းညွှန်ချက်
ယခင်ခေတ်တွင် မိဘများသည် မိမိသားသမီးများကို စာမေးပွဲရလဒ် အမှတ်များများရရှိရေး၊ အဆင့်ကောင်းကောင်း ရရှိရေးအတွက် အပြိုင်အဆိုင်ပြုလုပ် ဖန်တီးခဲ့ကြသည်။ နာမည်ကြီး တော်ဝင်ကျောင်းများ ထားရှိနိုင်ရေး၊ S တန်း၊ A တန်းကဲ့သို့ ဂုဏ်ရှိသော အတန်းကောင်းကောင်း ရရှိနိုင်ရေး၊ အိမ်ဝိုင်းကျူရှင် ဘာသာစုံ ရှယ်ဝိုင်းထားရှိနိုင်ရေး၊ ဂိုက်များများထားရှိနိုင်ရေး တို့အတွက် နေ့မအား၊ ညမနား၊ အိပ်ရေးပျက်ခံကာ ကျောင်းသား ကျောင်းသူများနှင့်အတူ မိဘများ အပြိုင်အဆိုင် ကြိုးစားခဲ့ကြသည်။ စာမေးပွဲအမှတ်၊ အဆင့် ရလဒ်ကောင်းရေး ဦးတည်ချက်တစ်ခုကိုသာ သဲသဲမဲမဲ ကြိုးစားနေခဲ့ကြရခြင်းသည် ပညာရေးစနစ် ချို့ယွင်းခြင်းနှင့် ပညာရေးလမ်းညွှန်ချက် မှားခြင်းတို့ကြောင့် လည်း ဖြစ်နိုင်သည်။
ကျန်းမာရေးနှင့် ပညာရေးသည် ဆင်းရဲချမ်းသာ၊ အဖြူအမည်း၊ ဂုဏ်ပကာသနရှိခြင်း၊ မရှိခြင်းနှင့် လားလားမျှ မဆိုင်ပါ။ မပတ်သက်ပါ။ ကျန်းမာရေးနှင့် ပညာရေးသည် လူမျိုးမရွေး၊ ဘာသာမရွေး လူတိုင်းအား အခွင့်အရေးတူ ညီမျှတစွာ ပေးပါသည်။ တန်းတွင်းပြဋ္ဌာန်းချက်အတိုင်း တစ်သဝေမတိမ်း စာသင်ကြားခြင်းသာမက စာပေ၊ အနုပညာ၊ ဂီတ၊ အားကစား၊ ဟောပြောပွဲ၊ သုတေသနပြုခြင်းဟူသည့် ဘက်စုံလွှမ်းခြုံသော ပညာရေးစနစ်သည် တန်းပညာ သင်ကြားခြင်းအတွက် အထောက်အကူပြုကာ ဉာဏ်ပညာကို အားပေးထက်မြက်စေပါသည်။ မိမိဘဝ မိမိကိုယ်ကို အားကိုးရပ်တည်စေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးနှင့် ပညာရေး အဆင့်အတန်းကောင်းဖို့သည် နိုင်ငံသားများအတွက် အခြေခံကျသည့် လိုအပ်ချက်များ ဖြစ်ကြောင်း၊ ကျောင်းသူ ကျောင်းသားများ ပညာရေးနှင့် မဝေးသွားဖို့သည် အရေးကြီးကြောင်းနှင့် ကျောင်းများ၏ အဓိကတာဝန်မှာ ကျောင်းသား ကျောင်းသူများ ပညာရှာတတ်အောင် သင်ကြားပေးရန်ဖြစ်သဖြင့် ပညာရေးစနစ် တစ်ခု၏ အောင်မြင်မှုအဆင့်ကို ပညာရှာတတ်သူ ဘယ်လောက် မွေးထုတ်ပေးနိုင်သည်ကိုကြည့်ပြီး ဆုံးဖြတ်ရမည်ဖြစ်ကြောင်းနှင့် ကိုဗစ်နိုင်ပွဲသည် ပန်းတိုင်မရောက်မချင်း တက်မထောင်ကြပါနှင့်ဟု မိန့်ဆိုခဲ့သည်။
နိုင်ငံတကာပညာရေးစနစ်သို့ ပြောင်းလဲ
မြန်မာနိုင်ငံတွင် ယခုအခါ (KG+10) အခြေခံ ပညာရေးစနစ်ပုံစံမှ (KG+12) ဟူသည့် နိုင်ငံတကာ ပညာရေးစနစ်သို့ ပြောင်းလဲနေပေသည်။ ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေစနစ်ကို ပပျောက်စေပြီး နိုင်ငံတကာတွင် ကျင့်သုံးနေသော မိမိကိုယ်ကို အားကိုးရပ်တည်ကာ အသိ၊ ပညာ၊ ဗဟုသုတ၊ သုတေသန ဖွံ့ဖြိုးတိုးတက်စေမည့် ခေတ်မီထိရောက်သော ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲ ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ဦးနုက “နိုင်ငံတစ်နိုင်ငံကို ဖိုးသုညများဖြင့် တည်ဆောက်၍ မအောင်မြင်နိုင်” ဟု မှာကြားခဲ့ပါသည်။ စင်စစ်နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးသကဲ့သို့ ကျန်းမာရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး သည်လည်း ယှဉ်တွဲအရေးကြီးပါသည်။
အလွန်ကံကောင်းသော နိုင်ငံ
မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ချိန် ယခုအခါတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် စိန်ခေါ်မှုကြီးမားခဲ့ပါသည်။ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကိုဗစ်-၁၉ ကူးစက်မှု သန်းနှင့်ချီရှိပြီး သိန်းနှင့်ချီ သေဆုံးနေကြရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု ရာဂဏန်းသာရှိပြီး ယင်းကြောင့် သေဆုံးမှု ၆ ဦးသာရှိရာ အလွန်ကံကောင်းသော နိုင်ငံဟု ဆိုရပါမည်။
မြန်မာနိုင်ငံတွင် ဇူလိုင်လ ၂၇ ရက်အထိ ကိုဗစ်ရောဂါရှိသော ပိုးတွေ့ရှိသူ ၃၅၀ ရှိပြီး ၂၇၅ ဦးမှာကုသ၍ ပြန်လည်ကောင်းမွန်လာသည်။ ရောဂါလက္ခဏာမပြဘဲနှင့် ရောဂါကူးစက်ခံနေရသူများရှိသည်။ မိမိကြောင့် မိမိကျောင်း၊ မိမိမိသားစု၊ မိမိရပ်ကွက်၊ မိမိမြို့၊ မိမိနိုင်ငံကို မထိခိုက်စေဖို့ တာဝန်ကိုယ်စီ ရှိသည်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လမ်းညွှန်ရေးနှင့် တည်ဆောက်ရေးတို့၏ အောင်မြင်မှုရလဒ် ဖြစ်သည်။ ကိုဗစ်ကပ်ဘေး၏ လောကဓံကို ဉာဏ်ပညာ ဦးဆောင်၍ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားကြဖို့ လိုပါသည်။ ဘဝရပ်တည်မှု အမြဲမပြတ် ရှင်သန်ရပ်တည်နေဖို့ လူ့စွမ်းအား အရင်းအမြစ် ဖော်ထုတ်မည့် ကျန်းမာရေးနှင့် ပညာရေးကောင်းမွန်ရန် အထူးလိုအပ်သည်။
အခက်အခဲကြားမှ ကျောင်းဖွင့်ချိန် နောက်သိပ်မကျစေဘဲ ကျောင်းများဖွင့်လှစ်နိုင်သည်။ ပါးစပ်နှင့် နှာခေါင်း စည်းကို ညွှန်ကြားချက်အတိုင်း စနစ်တကျ ဝတ်ဆင်ကြရမည်။ လိုအပ်ပါက မျက်နှာအကာ တပ်ဆင်ကြရမည်။ လက်ကို ရေနှင့် ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် စနစ်တကျ မကြာခဏ ဆေးကြောကြရမည်။ လက်ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများ မကိုင်မိစေရန် သတိထားရမည်။ လူစုလူဝေး ရှောင်ကြဉ်ကြရမည်။ ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းမှုရှိနေရာက ကျောင်းအပ်နှံ သင်ကြားရေးနှင့် ပတ်သက်၍ ငွေကြေးအပိုကုန်ကျမှုမရှိစေရန် စည်းကမ်းသတ်မှတ်ညွှန်ကြား ထားသည်။ ကျွန်တော်တို့ ကျောင်းသားဘဝတွင် ကျောင်း၌ နားမလည်သော ဘာသာရပ်ကိုရွေး၍ ပြင်ပဆရာများ၏ ကျူရှင်တွင် တက်ခဲ့ကြသဖြင့် ငွေကြေးအကုန်အကျ သက်သာစေပြီး အကျိုးရှိစေပါသည်။ကျောင်းတွင် သင်ကြားပေးသော စာများကို စာကြွေး မထား နေ့စဉ်အချိန်မှန်မှန်ပြုလုပ်ပါက သင်ကြား သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်သော အဆင့်သို့ ရောက်ရှိနိုင်ပါသည်။
ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှား
ကိုဗစ်-၁၉ ဖြစ်ပွားချိန်ကာလတွင် ကိုယ်ချင်း မနီးကပ်နိုင်သော်လည်း သိစိတ်ချင်းနီးကပ်ဖို့လိုသည်။ မေတ္တာစိတ်၊ မေတ္တာအကြည့်၊ မေတ္တာအမူအရာထားကာ ကိုယ်ချင်းစာစိတ်များဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရပါမည်။ ကျောင်းသူ ကျောင်းသား မျိုးဆက်သစ်များသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကြရပါမည်။ ယဉ်ကျေးသိမ်မွေ့သော အမူအရာဖြင့်ကျေးဇူးရှိသော ခင်ပွန်းကြီး ၁၀ ပါးကို ရိုသေလေးစား တန်ဖိုးထားဖို့ လိုအပ်သည်။ တွေ့ကြုံလာရသည့် လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်ဖို့လိုသည်။ ရောက်သည့်ဘဝ၊ ရောက်သည့်နေရာ၊ ရောက်သည့် အချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အသိ၊ သတိ၊ ပညာရှိလျက် မိမိဘဝ အောင်မြင်အောင် ကြိုးစားကြရပါမည်။
အောင်မြင်ကျော်ကြားသော ကျောင်းတော်ကြီး ဖြစ်ရန် ပညာလေ့လာမှု၊ သင်ကြားမှု၊ ဖြန့်ဖြူးမှုတို့တွင် အားပေးသော ပတ်ဝန်းကျင်ကောင်းရှိရပါမည်။ ပညာ ဝမ်းစာပြည့်သော ဆရာတော် ဆရာကောင်းများ ရရှိပါမည်။ ပညာရေးအမှန်တကယ် လိုလားသော ကျိုးနွံရိုသေစွာ သင်ကြားမည့် ကျောင်းသား ကျောင်းသူများ ဖြစ်ရပါမည်။ ကျောင်းတွင် အမှန်တကယ်လိုအပ်သည့် ဘဏ္ဍာငွေကြေး ပြည့်စုံရန်လည်း လိုအပ်သည်။ ရေခံမြေခံကောင်းတွင် ပန်းတိုင်းပွင့်လန်းရှင်သန်နိုင်ကြပါစေ၊ ပွင့်သောပန်းတိုင်း မွှေးလန်းဆန်းနိုင်ကြပါစေ။ ။


