mdn

သတင်းဆောင်းပါး - ကိုတိုးကြီး(တိ/ကု)

 

ကွတ်ခိုင်မြို့သို့ တစ်ခေါက်ရောက်ခဲ့ပြန်ပြီ။ ယခုတစ်ခေါက်ရောက်ခြင်းသည် ယခင်အခေါက်များနှင့်မတူ။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြိုးစားဆောင်ရွက်မှုများမှ ရလဒ်တစ်ခု(သို့မဟုတ်)ပွင့်ဖူးလာသည့် အသီးအပွင့်တစ်ခုကို လာရောက်ကြည့်ရှုလေ့လာ မှတ်တမ်းတင်ခြင်းဖြစ်သည်။

 

တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်းနိုင်ငံတကာအဆင့်မီ တိရစ္ဆာန်ရောဂါ ထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station) (ကွတ်ခိုင်)ကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက်က စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ Bliss Myanmar International ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်း သား ပြည်သူများ စုစုပေါင်း ၁၂၅၀ ခန့် တက်ရောက်ခဲ့သည်။

 

ဖွင့်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကျွဲ၊ နွား များကို တရားဝင် တင်ပို့နိုင်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ               ဆက်စပ်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် တရားမဝင် တင်ပို့မှုများကိုတားဆီး၍ ပြည်တွင်းရှိ အရင်းအမြစ်များကို ထိန်းသိမ်းသွားနိုင်မည်ဖြစ်ကြောင်း၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခဲ့ပြီး ရရှိလာ သည့် ကောင်ရေစာရင်းအရ ပြည်တွင်းစားသုံးမှုနှင့်လယ်ယာလုပ်ငန်းကို မထိခိုက်စေဘဲ တစ်နှစ်လျှင် ကျွဲ၊ နွား ကောင်ရေ ခုနစ်သိန်းခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ ပြည်ပသို့ ကျွဲ၊ နွား တင်ပို့မှုများကြောင့် ပြည်တွင်း စားသုံးမှုပမာဏ မထိခိုက်စေရေး၊ နိုင်ငံတွင်းရှိ အရင်း အမြစ်များ မကုန်ခမ်းစေရေး၊ ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းလာစေရေး၊ ကျွဲ၊ နွားများ တိုးချဲ့မွေးမြူစေရေး၊ မျိုးထိန်း မျိုးမြှင့်ရေး၊ အစာ နှင့် စားကျက်လုံလောက်စေရေး၊ မေထုန်မဲ့သားစပ်နှင့် သဘာဝ သားစပ်လုပ်ငန်းများ တိုးတက်စေရေး စသည့် လုပ်ငန်းကဏ္ဍများကိုလည်း စနစ်တကျ စီမံချက်ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

 

ဒေသခံပြည်သူများက နို့စားနွား မွေးမြူရန်နှင့် အစာစိုက်ပျိုးရန်အတွက် နည်းပညာ ပံ့ပိုးပေးပါရန် တင်ပြခဲ့မှုကိုလည်း ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ခဲ့သည်။

 

သုံးနှစ်ခွဲခန့်ကြာအောင် ဆောင်ရွက်ခဲ့ရ

 

ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၏ မျက်နှာများပေါ်တွင် အပြုံးပန်းတို့ဆင်မြန်းထားသည်။ ဒေသ၏ဖွံ့ဖြိုးတိုးတက်ခြင်း အလင်းတန်း တို့က ထိုအပြုံးတို့ကို ပိုမို တောက်ပစေလိမ့်မည်။ တကယ်တော့ထိုအပြုံးပန်းတို့ ပွင့်လာစေရန် စိုက်ပျိုး၊ မြေပြင်၊ ပေါင်းသင်၊ ရေလောင်းခြင်းတို့ကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အနေဖြင့် သုံးနှစ်ခွဲခန့်ကြာအောင် ဆောင်ရွက် ခဲ့ရသည်။ အလွယ်တကူ ဖူးပွင့်ခဲ့သည်တော့မဟုတ်ပေ။

 

နိုင်ငံအတွင်းရှိ အရင်းအမြစ်များကို မထိခိုက်စေဘဲ ကျွဲ၊ နွားများကို တရားဝင်ပို့ကုန်အဖြစ် ပြည်ပသို့ တင်ပို့နိုင်ရန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲ၍ အကောင် အထည်ဖော်ခဲ့ရသည်။

 

တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း၊ ကျွဲ၊ နွားများ တရားဝင်ပို့ကုန်အဖြစ် ခွင့်ပြုချက်ရရှိနိုင်ရန် ဆောင်ရွက်ခြင်း၊ ကျွဲ၊ နွား တင်ပို့ခြင်းကို စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်၍ စံပြုလုပ်ထုံးလုပ်နည်း (Standard Operation Procedures- SOP) များ ရေးဆွဲဆောင်ရွက်ခြင်း၊ ကျွဲ၊ နွားများကို အရေး ကြီးကုန်စည်အဖြစ်မှ ပယ်ဖျက်နိုင်ရန် ဆောင်ရွက်ခြင်း၊ ကုန်သွယ်ဖက်နိုင်ငံများနှင့် တရားဝင်ကုန်သွယ်မှုဖြစ်စေရန် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(OIE)မှ ချမှတ်ထားသော လုပ်ထုံး လုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်း (Animal Quarantine Station) တည်ဆောက်ခြင်း စသည့် လုပ်ငန်း စဉ်များကို သုံးနှစ်ခွဲခန့် အချိန်ယူ၍ ဆောင်ရွက်ခဲ့ရသည်။

 

တိရ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း

 

၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုစာရင်းဇယားများကို အတည်ပြုထုတ်ပြန်ရန် ရှေ့ပြေး စမ်းသပ်ကောက်ယူခြင်း၊ မေးခွန်းလွှာပုံစံ ပြင်ဆင်ခြင်း၊ သင်တန်း အဆင့်ဆင့်ပို့ချခြင်း၊ Tablet ဖြင့် စာရင်းကောက်ယူ နည်းကိုလေ့ကျင့်ခြင်း၊ နိုင်ငံတော်အဆင့် တိရ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရှေ့ပြေးစာရင်းများကိုယခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်နိုင်ခဲ့သည်။ စာရင်း အရ မြန်မာနိုင်ငံတွင် ကျွဲ၊ နွား ကောင်ရေ ၁၁ ဒသမ ၅ သန်း ခန့်ရှိပြီး အရင်းအမြစ်များ မထိခိုက်စေဘဲ နှစ်စဉ် ကောင်ရေ ခုနစ်သိန်းခန့် တင်ပို့နိုင်ကြောင်း တွက်ချက်ရရှိခဲ့သည်။

 

တရားဝင်ပို့ကုန် ခွင့်ပြုချက်

 

ကျွဲ၊ နွားများကို တရားဝင်ပို့ကုန်အဖြစ် ခွင့်ပြုချက်ရရှိနိုင်ရန်ဆောင်ရွက်ခဲ့မှုတွင်လည်း နိုင်ငံတော်အစိုးရက ၂၀၁၇ ခုနှစ်အောက်တိုဘာ ၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၄၉/ ၂၀၁၇)ဖြင့် ခွင့်ပြုပေးခဲ့သည်။ ထို့နောက် ကျွဲ၊ နွား တင်ပို့ခြင်းကိုစမ်းသပ်ကာလ တစ်နှစ် သတ်မှတ်၍ စံပြုလုပ်ထုံးလုပ်နည်း (SOP)များ ရေးဆွဲဆောင်ရွက်ခဲ့သည်။ အရင်းအမြစ်များ မထိခိုက်စေရန်နှင့် တိုးပွားစေရန်အတွက် (Trader to Farmer- ကုန်သည်မှသည် မွေးမြူထုတ်လုပ်သူသို့ ဟူသော ဆောင်ပုဒ်ကို ဖော်ဆောင်ရန်)စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

 

ကျွဲ၊ နွား ကုန်သွယ်မှုလုပ်ငန်းစဉ်တွင် မွေးမြူသူ တောင်သူနှင့် လုပ်ငန်းရှင်များ ကျွဲ၊ နွား သယ်ဆောင်စဉ် အခက်အခဲဖြစ်စေသော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ထုတ်ပြန်ခဲ့သည့် ကျွဲ၊ နွားများနှင့် စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာများကို ပယ်ဖျက်ဖြေလျှော့နိုင်ရေးအတွက်လည်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်သည်။

 

တရားဝင်ကုန်သွယ်မှုဖြစ်စေရန်

 

ကုန်သွယ်ဖက်နိုင်ငံနှင့် တရားဝင်ကုန်သွယ်မှုဖြစ်စေရန်အတွက်လည်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့(OIE)မှချမှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံအတွင်း နှစ်ကြိမ်၊ တရုတ်နိုင်ငံ၌ တစ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ညှိနှိုင်းချက်များကိုတရားဝင် လက်မှတ်ရေး ထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်ရေးစခန်းများ

 

ကျွဲ၊ နွားများ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် တိရစ္ဆာန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ဆက်စပ် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ် ကျင်းပဆွေးနွေးပြီးနောက် ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်း၊ အမှတ်အသားတပ်ဆင်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာ ရေးစစ်ဆေးခြင်း၊ စစ်ဆေးပြီးကြောင်း ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း၊ တိရစ္ဆာန်ရောဂါ ထိန်းချုပ် စောင့်ကြည့် စစ်ဆေးရေးလုပ်ငန်းစဉ်များဆောင်ရွက်ခြင်း စသည်တို့ကို ဝန်ကြီးဌာန၏ ကြီးကြပ်မှုနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေး စခန်း (Animal Quarantine Station) ကို တည်ထောင်ဖွင့်လှစ်ခြင်းဖြစ်သည်။

 

ဖွင့်လှစ်ထားသော စခန်းများ

 

တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း တည်ထောင် ဖွင့်လှစ်ခြင်းမှာ တိရစ္ဆာန်များကို နိုင်ငံတစ်နိုင်ငံမှအခြားတစ်နိုင်ငံသို့ တင်သွင်း/တင်ပို့သော လုပ်ငန်း စဉ်တွင်မရှိမဖြစ်သည့် လုပ်ငန်း တစ်ခုဖြစ် သည်နှင့်အညီ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း ငါးခု (လေဆိပ် နှစ်ခု၊ ရေဆိပ် သုံးခု)နှင့်နယ်စပ် Check Point ခြောက်ခု ဖွင့်လှစ်၍ နယ်စပ်ဖြတ်ကျော် တိရ္ဆာန်ကူးစက်ရောဂါများ ထိန်းချုပ်ခြင်းလုပ်ငန်း (Transboundary Animal Diseases) ကို ဆောင်ရွက်လျက်ရှိသည်။ ယခု အသစ်ဖွင့်လှစ်လိုက်သည့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေး စခန်း(ကွတ်ခိုင်) သည်လည်း ကုန်သွယ်မှုလိုအပ်ချက်အရ ပေါ်ပေါက်လာခြင်းဖြစ်ပြီး နိုင်ငံတကာအဆင့်မီ စခန်းတစ်ခုဖြစ်သည်။

 

နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများကို ထိန်း ချုပ်နိုင်ရန် တိရစ္ဆာန်ရောဂါ ထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေး စခန်း(ကွတ်ခိုင်)တွင် ဓာတ်ခွဲခန်း၊ ရုံး၊ အစည်းအဝေးခန်းမ၊ အစာသိုလှောင်ရုံ၊ တိရစ္ဆာန်များထားရှိရန် ခြံများ ပါဝင်ပြီး နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ တင်သွင်း တင်ပို့သော တိရစ္ဆာန်များကို ထိန်းသိမ်းထားရှိ၍ လိုအပ်သည့် စစ်ဆေးမှုများကိုပြုလုပ်သွားမည်ဖြစ်သည်။

 

နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ပြည်သူလူထု အစား အစာ ဖူလုံရေးနှင့် အာဟာရပြည့်ဝစေရေး၊ အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းစေရေး စသော မျှော်မှန်းချက်များနှင့်အညီ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ ရန်၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရန်၊ မွေးမြူရေးလုပ်ငန်းဖြင့်အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့်တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများကို ကာကွယ်ထိန်းချုပ်ရန် ဆောင်ရွက်လျက်ရှိရာ တိရစ္ဆာန်ရောဂါ ထိန်းချုပ် စောင့်ကြည့် စစ်ဆေးရေးလုပ်ငန်းများကို တိုးမြှင့်ခြင်းသည်ပြည်သူများနှင့် နိုင်ငံတော်၏ အကျိုးအတွက် ဆောင်ရွက်ချက်တစ်ရပ်ပင်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

 

mdn