ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
“ကလေးစာပေဆိုတာဘာလဲ”
“ကလေးများဖတ်ဖို့ကောင်းသည့် စာပေကိုဆိုလိုသည်။ ကလေးစာပေတို့သည် ကလေးများနှင့်သင့်တော်သော စာပေကောင်းတွေဖြစ်ပြီး မြန်မာပြည်တွင် အလွန်လိုအပ်နေပါသည်။” (ခေတ်စမ်းစာပေကို ဦးဆောင်ဦးရွက်ပြုခဲ့သော စာရေးဆရာကြီးသိပ္ပံမောင်ဝ)
ကလေးစာပေဆိုသည်မှာ ကလေးများကို စာအုပ်စာပေတို့နှင့် ရင်းနှီးကျွမ်းဝင်သွားအောင် ဆွဲဆောင်ပေးသည့် စာပေများဖြစ်သည်။ ဆိုဆုံးမခြင်း၊ ပညာပေးခြင်းတို့ထက် ကလေးဘဝကပင် စာကိုချစ်တတ်၊ တွယ်တာတတ်သူများဖြစ်လာအောင် စွမ်းဆောင်ပေးရသည့် ကလေးကြိုက် စာပေများဖြစ်သည်။ စာအုပ်ကိုချစ်သော ကလေးတို့သည် စာဖတ်ကျင့်ရှိသူများဖြစ်လာပြီး နိုင်ငံ့သားကောင်းများအဖြစ် နိုင်ငံတော်ကို တည်ဆောက်ကြမည်သာဖြစ်သည်။
လူ့သမိုင်းတွင်စခန်းကြီး (သုံး) ခုဖြစ်ခဲ့သည်။ ယင်းတို့နှင့်အတူ လူ့သမိုင်းလည်း တိုးတက်ခဲ့သည်။ ယင်းတို့ မှာ ၁။ ဓား(Sword)၊ ၂။ ထွန်သွား၊ ၃။ စာအုပ်တို့ဖြစ်သည်ဟု သမိုင်းပညာရှင် အဲလ်နက်စ် ဂါနာကသုံးသပ်ခဲ့သည်။ လူသားသည် အမဲလိုက်ဘဝဖြင့် နှစ်ပေါင်းတစ်သောင်း ခန့်ကျင်လည်ခဲ့ရပြီးကိုတွေ့ရှိ အသုံးပြုနိုင်ခဲ့ရာမှ စတင်တိုးတက်လာခဲ့သည်။ ထို့နောက် ထွန်သွားကို တီထွင် အသုံးချလာနိုင်ခြင်းနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လုပ်နိုင်လာကြသည်။ စာအုပ်ကို တီထွင်နိုင်ခဲ့ချိန်မှစ၍ လူသားသည် ကမ္ဘာတစ်ခွင်အဆင့်အမြင့် ဆုံးသတ္တဝါဖြစ်လာခဲ့သည်။ စာအုပ်စာပေများကြောင့် ပညာရပ်များကို လက်ဆင့်ကမ်းဝေငှနိုင်ကြကာ လူ့လောကလူ့ဘောင်ကြီး အတိုင်းမသိ တိုးတက်ထွန်း ကားလာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ၁၄၃၉ ခုနှစ်တွင် ဂျာမနီနိုင်ငံသား Johannes GensfleishZur Laden ZumGutenburg ဂူတင်ဘာဂ်က စာပုံနှိပ်စက်ကိုတီထွင် နိုင်ခဲ့ချိန်မှစ၍လည်း စာအုပ်စာပေတို့သည် လူ့မိတ်ဆွေ၊ လူ့ကျေးဇူးရှင်များ ဖြစ်လာခဲ့ပါသည်။
ကလေးစာပေကို ဖော်ကျူးခဲ့သူများ
စာအုပ်စာပေများ ရှင်သန်လျက်ရှိစဉ်ကတည်းက အများဖတ်ရန်စာပေများကိုသာ ဦးစားပေး ဖန်တီးခဲ့ကြပြီး ကလေးများအတွက် စာကောင်းပေမွန်များကမူ ထွန်းကားခဲ့မှု အားနည်းခဲ့ပါသည်။ အထူးသဖြင့် မြန်မာ့စာပေလောကတွင် ကလေးများအတွက် စာပေများအားနည်းခဲ့ပါသည်။ သို့သော်မြန်မာ့စာပေလောကတွင် ကလေးစာပေကဏ္ဍကို အရေးတယူ မြေတောင်မြှောက် စောင့်ရှောက်ပေးခဲ့သူ အချို့ရှိခဲ့သည်ဟု တစ်ချိန်က စာရေးဆရာကြီးသိန်းဖေမြင့်က ဆိုခဲ့သည်။ ဆရာကြီး ဒေါက်တာမောင်ဖြူး၊ ဆရာကြီးမင်းသုဝဏ်နှင့်ဆရာကြီး လူထုဦးလှတို့သည် မြန်မာ့ကလေးစာပေကို စွမ်းစွမ်းတမံ စောင့်ရှောက်ဖော်ကျူးခဲ့ကြသည့် ကျေးဇူးရှင် ဆရာကြီးများအဖြစ် မှတ်တမ်းတင်အပ်သည်ဟု ဆိုပါသည်။
ဒေါက်တာမောင်ဖြူး
ဒေါက်တာမောင်ဖြူးသည် မြန်မာ့စာပေလောကတွင် ကျော်ကြားခဲ့သည့် ပညာရေးသမား၊ စာဆိုဖြစ်သည်။ ဦးဝန်ဆိုသော ဆရာကြီးမင်းသုဝဏ်သည် စာပေနယ်တွင် နေတစ်ဆူ၊ လတစ်ဆူလိုထွန်းကားသူ စာပေပညာရှင်ကြီး ဖြစ်ပြီး ဂန္ထဝင်စာများ၊ ကလေးများ ချစ်မြတ်နိုးသည့် ကဗျာများ၊ ပုံပြင်များစွာကို ရေးသားခဲ့သူဖြစ်သည်။ ဆရာကြီးလူထုဦးလှသည် ကလေး စာပေများ၊ ပုံပြင်များ ကိုဖြန့်ဝေခဲ့သည့်ဆရာကြီးဖြစ်သည်။ ““ကလေးစာပေ အတွက်၊ ဝါဒဖြန့်ရာတွင် ဘယ်သူမှလိုက်မမီအောင်လုံ့လ ရှိသူ” ဟု ဆရာကြီးသိန်းဖေမြင့်က ရေးသားခဲ့သည်။
“ပါပီကလေးပုတုတု
သူ့စကားဝုဝုဝု
သူ့စကားလူမသိ
လူ့စကားသူမသိ၊သနားပါဘိ” ပါပီကလေးကဗျာ။
“ဖိုးသာထူး၊ ဖိုးသာထူး
အလွန်ဝတဲ့ဖိုးသာထူး
ဖိုးသာထူး ဝမ်းပူပူ
ဖိုးဝကြီးနဲ့တူ
တူပါသကွဲ ၊မယုံငြားသည်မှာကြည့်ပါလား” -ဖိုးသာထူးကဗျာ။ ထိုကဗျာများကို ဆရာကြီးဒေါက်တာမောင်ဖြူးရေးခဲ့သည်။ “မောင်ရေခဲ၊ မရွှေဖဲ” ကဗျာ၊ ကိုအေးနဲ့ မခွေး၊ ပဲပဲသိုးမည်း၊ ဆီးဆာ၊ ဒေါင်ဒင်ဒေါင်၊ ခြစ်ခက်ချောက် စသည့်ဘာသာပြန်ကဗျာများ၊ အိန္ဒိယ စာဆို ရာဘင်ဒရာနသ်တဂိုး၏ ဆန်းစသော်တာကလေး ကဗျာများ၊ စံစကားပွင့်ကဗျာများ စသည်တို့သည် ရေပန်းစားခဲ့ပါသည်။ ကလေးစာပေကို ၁၉၃၃ ခုနှစ် ကတည်းက စတင်ကြိုးစားခဲ့ကြသည်။ ဆရာကြီးဒေါက်တာမောင်ဖြူး ဘိလပ်ကပြန်လာကတည်းက ထိုနိုင်ငံတွင် အင်္ဂလိပ်စာကို ကလေးများအား သင်ပေးပုံကိုသေချာစွာ လေ့လာခဲ့သည်။ ဆရာကိုယ်တိုင်လည်း ဝါးခယ်မတွင် ကျောင်းဆရာဖြစ်ခဲ့ရာ ကလေးစာပေနှင့် အင်္ဂလိပ်စာ အားနည်းခဲ့သည်ကို ကောင်းစွာသိနေခဲ့သူဖြစ်သည်။ ထိုအချိန်က မဂ္ဂဇင်းများတွင် မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ကလေးစာပေမြင့်မားရေး အလေးပေးရေးသားခဲ့သည်။ မော်လမြိုင်မြို့ ၁၅.၂.၁၉၅၁ နေ့စွဲပါ တန်ဂွမ်လျောင် အစိုးရအထက်တန်းကျောင်းက သားချော့တေး Nursery Rhymes စာအုပ်ကို အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ၊ တိုင်းရင်းမြန်မာ ကျောင်းများတွင်သုံးရန် တပည့်ကိုင်ပြဋ္ဌာန်း စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့သည်။
ဆရာကြီးသည်ကလေး ချစ်တတ်သူ၊ ကလေးများကို စိတ်ဝင်စားသူလည်း ဖြစ်သဖြင့် ကလေးစာပေများစွာကို စေတနာအပြည့်ဖြင့် ရေးသားခဲ့သည်။ “ဖြူးစာပေနှင့် ကလေးစာပေရိပ်မြုံ” မှ ကလေးစာပေများစွာ ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် မြန်မာစာသင်ကြားနည်း “၃” ဟုခေါ်သည့် ကဗျာပုံပြင်နှင့် စာသင်ကြားနည်းကိုလည်း သုတေသနလုပ်ခဲ့သည်။ ဆရာကြီးတန်ဂွမ်လျောင်ခေါ် ဒေါက်တာမောင်ဖြူးသည် အသက် ၆၆ နှစ်အရွယ် ၁၉၇၀ ပြည့်နှစ်အောက်တိုဘာလ ၉ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။
ဆရာကြီးမင်းသုဝဏ်
ဆရာကြီးမင်းသုဝဏ်ခေါ် ဦးဝန်သည် မြန်မာ စာပေရေးရာများ၊ အသင်းအဖွဲ့များစွာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။ “လက်ရာစုံ၊ မင်းသုဝဏ်” ဟု ခေါ်ရ လောက်အောင် ကဗျာများ၊ ကလေးကဗျာများ၊ ပြဇာတ်၊ ပုံပြင်၊ ကလေးဗုဒ္ဓဝင်၊ ဝတ္ထုများ၊ စာပေနှင့်အနုပညာ၊ နိုင်ငံရပ်ခြားပုံပြင်များ၊ ပြဇာတ်စာပေ မြန်မာပြန် အညတရရုပ်ပုံလွှာ/ကဗျာ၊ ဟောပြောချက်များ၊ ခရီးသွားဆောင်းပါး၊ ရသစာတမ်း/ အက်ဆေး၊ ဘာသာ သာသနာ စသည်တို့ကိုရေးသားခဲ့သည်။
ကလေးစာပေနှင့် ပတ်သက်၍ ထင်ရှားသော ကလေးစာပေများစွာကို ရေးသားခဲ့သည်။ ပင်ကိုရေး ဝတ္ထုဖြစ်သည့် “ဘကြီးအောင် ညာတယ်” သည် နာမည်ကျော်ခဲ့သည်။ ပန်းပုဆရာကြီး ဦးအောင်ချာထုထွင်းနေသည့် ယမင်းရုပ်ကလေး ကို မောင်ချစ်ကလေးက အလွန် လိုချင်သည်။ ၆၄ ပြား တစ်ကျပ်ပေးလျှင်ပေးမည်ဟု ဦးအောင်ချာကဆိုလေရာ မောင်ချစ်ကလေးက အစာအငတ်ခံ၊ မစားမသောက်ဘဲ၊ တစ်ကျပ်ပြည့်အောင်စုသည်။ ပိုက်ဆံငါးမူးနှစ်ပြားရချိန်တွင် ဝန်ထောက်မင်းဆိုသူက အရုပ်ကလေးကို အလွယ်တကူဝယ်သွားသည်။ မောင်ချစ်ကလေးမှာ အလွန်ဝမ်းနည်းကြေကွဲပြီး အသက်ဆုံးရသည်အထိ ဖြစ်သွားခဲ့သည်။ အုတ်ဂူကလေးကို “မောင်ချစ်ဂူ” ဟုခေါ်ကြသည်။ “လို၍မရသောဆင်းရဲ” ဟုလည်း စာတမ်းထိုးထားသည်။ ကလေးငယ်တို့ကို တန်ဖိုးထား သင့်ကြောင်း၊ သူတို့၏ စိတ်ကို အနိုင်အထက်မပြုသင့်ကြောင်း စသည်များကို ကွက်ကွက်ကွင်းကွင်းဖော်ပြ ထားခြင်းဖြစ်သည်။ “ဖိုးမောင်လာပြီ” အပါအဝင် ကဗျာများသည်လည်း နာမည်ကျော်ကြားလှသည်။ “မြေးများဘိုးဘွား ဖြစ်သောအခါ” သည်လည်း ထင်ရှား သောကဗျာဖြစ်သည်။
“မြေးများဘိုးဘွားဖြစ်သောအခါ”
အမေ့အမေ၊ တို့ဘွားအေသည်
နေဝင်ညဦး၊ လေဖြူးဖြူး၌
အိမ်မှူးခန်းမှာ၊ စုဝေးကာလျှင်
ငါတို့မြေးများ၊ ရွှင်ပျော်ပါးအောင်
ရွှေကျားရွှေယုန်၊ ငပျင်းပုံနှင့်
နဂါးဂဠုန်၊ မထွေးပုံနှင့်
မျိုးစုံပါလေ၊ စုန်းကဝေက
တစ္ဆေမှင်စာ၊ ပြောပြပါ၍
စကားထာဝှက်၊ ကစားလျက်ပေါ့
ညဉ့်နက်သွားသော်၊ တို့ကိုခေါ်ပြီး
အိမ်ပေါ်တက်ကာ၊ ချော့သိပ်ပါသည်
ရှေးအခါ ငယ်စဉ်မြေးဘ၀။
ငါလည်းထိုလား၊ ငါ့မြေးများကို
ပျော်ပါးစရာ၊ မွှေနှောက်ရှာ၍
မြန်မာ့ရှေးရိုး၊ ပုံပြင်မျိုးနှင့်။
နောက်တိုးခေတ်ဆန်၊ သစ်သစ်ဖန်ကာ
ပျော်ရန်ပြောလျက် ဘိုးဘဝ။
ဘင်ဘီဘေးဘိုး၊ တို့လူမျိုး၏
ရှေးရိုးစရိုက်၊ အစဉ်လိုက်လျက်
နောက်၌မြေးများ၊ မြေးတွေပွားသော်
ပျော်ပါးစရာ၊ ပုံပြောပါဟု
မှာချင်၏လေ့ ငါ့ မြေးတို့။
ဆရာကြီးမင်းသုဝဏ် - လုံမလေးမဂ္ဂဇင်း(၁/၁၉၈၆)။
ဆရာကြီးမင်းသုဝဏ်၏ “မြေးများဘိုးဘွားဖြစ်သောအခါ” ကဗျာလေးဖြစ်ပါသည်။ အလွန်နှစ်သက်စရာ ကောင်းလှပါသည်။ ဆရာကြီးတို့ငယ်စဉ်ဘဝ၊ ကလေးဘဝက ဘိုးဘွားများနှင့်အတူ လေတဖြူးဖြူးရှိနေသော အေးချမ်းသည့်ညအခါ စုဝေးပြီး ပုံပြင်များနားထောင် ကြရပုံ၊ ဘိုးဘွားတို့က ရွှေယုန်ရွှေကျား၊ ငပျင်းပုံပြင်၊ မထွေးလေးပုံပြင်များနှင့်အတူ နဂါးဂဠုန်တစ္ဆေပုံပြင်များပါ ပြောပြကြပုံ၊ ပုံပြင်ပြောပြီးသော် စကားထာဝှက်တမ်း ကစားကြသေးပုံများ ရေးဖွဲ့ထားသည်။ ညဉ့်နက်ပြီ၊ အိပ်ချိန်ရောက်ပြီဆိုမှ ဘိုးဘွားတို့က မြေးများကို အိမ်ပေါ်ခေါ်ပြီး ချော့သိပ်ကြသည်။ ကလေးများ၏ အတွေးထဲမှာ ဘိုးဘွားတို့ပြောသည့် ပုံပြင်များသည် တွေးစရာများဖြစ်ခဲ့ရုံမက အိပ်မက်ထဲအထိ လိုက်လာတတ်ကြပုံများ တွေ့ရပါသည်။ တို့လူမျိုး၏ ရှေးရိုးစရိုက် ဖြစ်သဖြင့် မိမိတို့၏ မြေးများတိုးပွားလာသည်နှင့်အတူ ပျော်စရာပုံပြင်ပြောခြင်း ဓလေ့ကို ဆက်လက်ဆောင်ရွက် ကြပါလေဟုမှာကြားဖွဲ့ဆိုထားပါသည်။ ဆရာကြီးသည် လုံးချင်းစာအုပ်ပေါင်း ၃၅ အုပ်ထုတ်ဝေခဲ့သည်။ ဝဏ္ဏကျော်ထင်ဘွဲ့၊ သီရိပျံချီဘွဲ့များ ချီးမြှင့်ခံခဲ့ရသည်။ အသက် ၁၆ နှစ်အရွယ် ၂၀၀၄ ခုနှစ်သြဂုတ်လ ၁၅ရက် (တနင်္ဂနွေနေ့) တွင် ကွယ်လွန်ခဲ့သည်။
ဆရာကြီးလူထုဦးလှ
ဆရာကြီးလူထုဦးလှသည် တိုင်းပြည်အကျိုးပြု စာပေများစွာနှင့် သတင်းစာတို့ကို ရေးသား ထုတ်ဝေခဲ့သည်။ ကလေးကဗျာများ ပုံပြင်များ၊ တိုင်းရင်း သားပုံပြင် များစွာကို ရေးသားခဲ့သည်။ ကလေးစာပေကိုစိတ်ဝင် တစားရေးသားခဲ့သည့် စာဆိုပညာရှင်ကြီး ဖြစ်သည်။
လူထုဦးလှ၏ ကလေးပုံပြင်များမှ “အတတ်ကြူး၊ အရူးဖြစ်” တွင် သဘင်ပညာရှင်၊ ဆေးပညာရှင် ၊ နက္ခတ္တ ပညာရှင်၊ အတွေးအခေါ်ပညာရှင်တို့ လေးယောက်အတူ ခရီးသွားကြသည်။ ထမင်းချက်စဉ် သဘင်ပညာရှင်က ထမင်းအိုးဆူပွက်သည့်အသံကို ဗုံတီးသံအမှတ်နှင့် ထကသည်။ ဆေးအတတ်ပညာရှင်က ဟိုဒင်း၊ ဒီဒင်းတို့မတည့် မစားသင့်စသည်ဖြင့် တားမြစ်သည်။ နက္ခတ္တအတတ် ပညာရှင်က ရာသီနှင့်မလိုက်ရာ အစာများမစားသင့်ဟု တားပြန်၏။ အတွေးသမားက ဆန်သည်၊ စပါးပင်မှလာ၏။ စပါးပင်သည် မြက်ပင်နှင့် မျိုးတူဘာကြောင့်မြက်ပင်ကို မစားကြသနည်း၊ မြက်ပင်ကဘာကြောင့်အသီးမသီး သနည်းစသည်ဖြင့် စောဒက တက်နေလေရာ လူလေးယောက်လုံး ထမင်းငတ်လေ၏ ဟုဆိုပါသည်။ ဆရာလုပ်၊ ကိုယ်သန်ရာစိတ်စွဲ၊ အရိုးစွဲအကျင့်ဟောင်းများမပြင်ကြသဖြင့် အများအကျိုးမဲ့ရပုံကို ဆိုလိုခြင်းဖြစ်သည်။ “စာဆိုပညာရှိ ကာလီဒါသ” စာအုပ်တွင်၊ ကောဇဘုရင်ကြီးနှင့် အမတ်ကြီး ကာလီဒါသတို့အကြောင်း ရေးသားထားသည်။ ကောဇဘုရင်ကြီးသည်။ ပညာရှိအမတ်ပေါင်း ၁၄၀ဝ ခန့် ခစားစေသည်။ တစ်နေ့တွင်အမတ်တို့ကို ပညာစမ်းလိုသဖြင့် နန်းရင်ပြင်သို့ ခေါ်လိုက်သည်။ မျဉ်းဖြောင့်တစ်ကြောင်းဆွဲလိုက်ပြီး ““ဒီမျဉ်းကို မဖျက်ဘဲ၊ တိုအောင်လုပ်ပြပါ” ဟု အမတ်တို့ကို အဖြေရှာခိုင်း သည်။ အမတ်တို့အကျပ် တွေ့မဖြေနိုင်ကြ။ ကာလီဒါသ အမတ်ကြီးက ရှေ့ထွက်ပြီး မူလမျဉ်းထက်ရှည်သော မျဉ်းတစ်ကြောင်းဆွဲလိုက်သည်။ မျဉ်းနှစ်ကြောင်း ယှဉ်ကြည့်လိုက်သော် မူလမျဉ်းက တိုသွားလေသည်။ တစ်ဖန် “မည်သို့သောသူတို့သည် သေလွန်သော် နတ်ပြည်ရောက်ကြသနည်း၊ ငရဲပြည်ရောက်ကြသနည်း” ဟု မေးလေရာ “ကျန်ရစ်သူများက ချီးကျူးကြသော်၊ ထိုသူသည် နတ်ပြည်ရောက်၏။ ကျန်ရစ်သူများက ကဲ့ရဲ့သော်၊ အပယ်ငရဲရောက်၏” စသည်ဖြင့် ဖြေကြား လေသည်ဟု ရေးထားပါသည်။ လူထု ဦးလှသည် ၁၉၈၂ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။
စာဖတ်ခြင်းအလေ့
မြန်မာ့ကလေးစာပေများကို ရှေးအခါကပင်ဖော်ပြပါ စာပေပညာရှင်ကြီးများက မြေတောင်မြှောက်ခဲ့သည်ကို တွေ့နိုင်ပါသည်။ ယခုအခါကလေးစာပေပွဲတော်များနှင့် အတူ ကလေးများစာပေတွင် စိတ်ဝင်စားလာအောင် ဆောင်ရွက်ကြမှုများသည် အထူးဝမ်းမြောက်ဖွယ်ဖြစ် ပါသည်။ ဥပမာအားဖြင့် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မွေးဖွားလာသောဂျပန်နိုင်ငံ၏ မျိုးဆက်သစ်များမှစကာ စာဖတ်ခြင်းအလေ့ကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ဂျပန်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်ခု ဖြစ်လာသည်ကို တွေ့နိုင်ပါသည်။ ကလေး စာပေများက လူမျိုးသစ်တစ်ခုကို မွေးဖွားပေးလိုက်ခြင်းဟုပင် ခေါ်နိုင်ပါသည်။ ထို့ကြောင့် ကလေးစာပေပွဲတော်များ ကျင်းပခြင်းများကို ကြိုဆိုပါကြောင်း၊ မြန်မာ့ကလေးစာပေများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် စာပေပညာရှင်ကြီးများကိုလည်း မမေ့မလျော့ လေးစားဂုဏ်ပြုအပ်ကြောင်းပါခင်ဗျား။ ။
မြန်မာ့အလင်း