mdn

သတင်းဆောင်းပါး - သန်းဖြိုးနိုင်(ကညင်ကျိုး)

 

၂၀၁၉ခုနှစ် မေလ ၅ ရက်နေ့သည် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ဖြစ်သည်။ မီးသတ်ဦးစီးဌာနအနေဖြင့် တပ်ဖွဲ့နေ့ရောက်တိုင်း မီးသတ်တပ်ဖွဲ့၏ ဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း၊ တပ်ဖွဲ့ဝင်များ စွမ်းရည် ပြသခြင်း၊ တစ်နှစ်တာအတွင်း ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့သူများ၊ ပညာပေး ဝန်ဆောင်မှုများတွင် ပါဝင်ခဲ့ သူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ယနေ့ခေတ် အချိန်ကာလသည် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် သဘာဝဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို ရင်ဆိုင်တွေ့ကြုံခံစား နေကြရသည့် အားလျော်စွာ မြန်မာနိုင်ငံအနေဖြင့်လည်း ပထဝီအနေအထားအရ သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ကြုံတွေ့ခံစားရသည့် တိုင်းပြည်တစ်ခုဖြစ်သည်။

 

သို့အတွက် ထိုသဘာဝ ဘေးဒဏ်တစ်ခုခု ကြုံတွေ့လာရသည့်အခါတိုင်း ကနဦး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရသူများမှာ မီးသတ်တပ်ဖွဲ့ဝင်များပင်ဖြစ်သည့်အတွက် ထိုမီးသတ်တပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးပြီး မကြာမီရက်ပိုင်းတွင် ကျရောက်တော့မည့်မီးသတ်တပ်ဖွဲ့နေ့ကိုလည်း ကြိုဆိုဂုဏ်ပြုကြရမည်သာ ဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်ဆိုသည်မှာ မီးငြှိမ်းသတ်ရေး တာဝန်များကိုသာ ထမ်းဆောင်နေကြရသူများ မဟုတ်ဘဲ၎င်းတို့အဓိကတာဝန်သည် သဘာဝဘေးဒဏ် တစ်ခုခု(သို့မဟုတ်) မီးဘေးတစ်ခုခုကျရောက်ပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မဆိုင်းဘဲ အမြန်ထမ်းဆောင်နိုင်ရေးပင်ဖြစ်သည်။

 

ထို့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ အခြေခံလုပ်ငန်းစဉ်များအကြောင်းနှင့် သဘာဝဘေးအတွက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ချမှတ်ထားမှုအခြေအနေကိုဤဆောင်းပါးတွင် အများပြည်သူ သိရှိထား ရှိနိုင်ကြစေရေး အလို့ငှာ ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။

 

မီးသတ်ဦးစီးဌာနမှမီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် မီးသတ်လုပ်ငန်းစဉ်(၇)

 

ရပ်မီးသတ်ဦးစီးဌာနတွင် အင်အား ၂၄၆၅၉ ဦး၊ အရန်မီးသတ်တပ်ဖွဲ့အင်အား ၃၁၇၇၄၅ ဦးနှင့် သီးသန့်မီးသတ်တပ်ဖွဲ့အင်အားမှာ ၁၈၇၄၄ ဦးတို့ အသီးသီးဖြင့် နိုင်ငံအတွင်း ဖြန့်ခွဲတာဝန်ထမ်းဆောင်နေပြီး ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် hInternational Search and Rescue Advisory Group-INSARAG အဖွဲ့သို့ ဝင်ရောက်နိုင်ရေးအတွက်လည်း စီစဉ်ထားရှိသည်ဟု သိရသည်။

 

မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်မှာ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ပစ္စည်းများ၊ နိုင်ငံတော် အတွင်းရှိကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝ ဘေးအန္တရာယ် အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ ရည်မှန်းချက်မှာ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရန်တို့ပင်ဖြစ် ကြောင်း လေ့လာ မိသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးသတ်လုပ်ငန်းစဉ်များ အနေဖြင့်လည်း စွမ်းရည် (၄) ရပ် ဖြစ်သော မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်ထက်မြက်စေရန် မီးသတ်တပ်ဖွဲ့ဝင်တိုင်း၏ စွမ်းဆောင်ရည်မြင့်တင်ရေးလုပ်ငန်း၊ မီးသတ်ယာဉ်၊ စက်နှင့်ပစ္စည်းကိရိယာများ မွမ်းမံရေး၊ ကြံ့ခိုင်ရေး၊ အသင့်ရှိရေးလုပ်ငန်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံးစက်၊ ယာဉ်၊ ပစ္စည်း ကိရိယာများမွမ်းမံရေး၊ ကြံ့ခိုင်ရေးနှင့် အသင့်ရှိရေးလုပ်ငန်း၊ ပြည်သူလူထုအား မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်း များ ထိရောက်စွာဆောင်ရွက်ရေးလုပ်ငန်း၊ အရန်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့် လေ့ကျင့်ရေးသင်တန်းပေးရေးလုပ်ငန်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံ တကာအဆင့်နှင့်အညီ ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေးအတွက် ကွပ်ကဲမှုနည်းစနစ်များ၊ မီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များအား အစဉ်အမြဲသုတေသနပြုလုပ်ဖော်ထုတ်၍ တပ်ဖွဲ့ဝင်များ အားလုံး တတ်ကျွမ်းနားလည်စေရေးတို့ဖြစ်ကြောင်း တွေ့ရသည်။

 

ခေတ်မီအဆင့်မြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်များ အသင့်ထားရှိကာ လေ့ကျင့်ဆောင်ရွက်

 

သဘာဝဘေးအန္တရာယ်အတွက် မီးသတ်ဦးစီးဌာန အနေဖြင့် ပိုလန်နိုင်ငံ ODA အစီအစဉ်ဖြင့် ခေတ်မီအဆင့်မြင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ မီးသတ်အထောက်အကူပြုယာဉ်များ ၆၅ စီး ထပ်မံ ရရှိထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ မီးငြှိမ်းသတ်ရေး လုပ်ငန်းသုံးများစွာလည်း အသင့်ရှိနေပြီဖြစ်ကြောင်း သိရ သည်။ ထိုယာဉ်များကို တိုင်းဒေသကြီးအသီးသီးနှင့် ပြည်နယ်များ အသီးသီးနှင့် အမြန်လမ်းတို့တွင် ဖြန့်ခွဲထားရှိကာ တာဝန်ထမ်းဆောင်နေကြကြောင်း သိရသည်။ ထိုယာဉ်များကို ကျွမ်းကျင်စွာအသုံးပြုပြီး စနစ်တကျမီးငြှိမ်းသတ်နိုင်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်စွာ လုပ်ဆောင်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ အရာရှိ ၂၁ ဦးအား ပိုလန်နိုင်ငံ မီးသတ်တက္ကသိုလ်တွင် ရက်သတ္တပတ် ခြောက်ပတ်သင်ယူခဲ့ကြခြင်း၊ ပိုလန်နိုင်ငံမီးသတ်မှ ကျွမ်းကျင်သူတစ်ဦးနှင့်အင်ဂျင်နီယာ တစ်ဦးတို့သည် မြန်မာနိုင်ငံတွင်ယာဉ်၊ စက်ပြုပြင်ထိန်းသိမ်းနည်းစနစ် သင်တန်းများပေးထားခြင်း ၊ ပိုလန်နိုင်ငံရှိ WISS ကုမ္ပဏီတွင် ထုတ်လုပ်မည့် မီးသတ်စက်ယာဉ်များအား မီးသတ်ဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် စက်ပစ္စည်း စစ်ဆေးရေးအဖွဲ့အား စေလွှတ်လေ့လာစေခြင်း၊ နောက်ထပ်မံ၍ ခေတ်မီ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁၀ စီးနှင့် ကမ္ဘာ့အဆင့်မီပုံစံသစ်ဖြင့် ထုတ်လုပ်ထားသော နောက်ဆုံးပေါ် သူနာတင်ယာဉ် ငါးစီးကိုလည်း ထပ်မံမှာယူထားကြောင်း သိရသည်။

 

မြန်မာပြည်အတွင်း လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နှစ်စဉ်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်များ

 

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀ နှစ်အတွင်း ဖြစ်ပွားခဲ့သော ကြီးမားသည့် သဘာဝဘေးအန္တရာယ်များ ကိုပြန်လေ့လာကြည့်လျှင် ၂၀ဝ၈ ခုနှစ် မေလ ၂ ရက်၊ ၃ ရက်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်က လုန်းမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ဂီရိဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် တာလေငလျင်၊ တစ်ဖန် ၂၀၁၂ ခုနှစ်နိုဝင်ဘာလ ၁၁ ရက်တွင် သပိတ်ကျင်းငလျင်၊ ၂၀၁၁ ခုနှစ်အောက်တိုဘာလ ၁၉ရက်၊၂၀ရက်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်ဒေသတွင် လျှပ်တစ်ပြတ်ရေဘေး၊၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုမှုများအပြင် ချင်းပြည်နယ် တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှု၊ ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု၊ မိုးကုတ်မြို့နယ်တွင်မြေစာပုံ ပြိုကျမှုများဖြစ်ပေါ်ခဲ့ရမှု၊ ၂၀၁၆ ခုနှစ် ဧပြီလနှင့်မေလများတွင် မြန်မာပြည်အလယ်ပိုင်းဒေသ ရေခဲမိုးသည်း ထန်စွာရွာသွန်းမှုနှင့် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက် ရေကြီး ရေလျှံမှုများ၊၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့ တိုက်ကြီးအနီး မြေငလျင်လှုပ်ခတ်ခဲ့မှု၊၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် မြန်မာနိုင်ငံသို့ ဦးတည်တိုက်ခတ်ခဲ့သည့် မာရုသာမုန်တိုင်းတိုက်ခတ်မှု၊ ၎င်းအပြင်၂၀၁၈ ခုနှစ်အတွင်းတွင်လည်း သံလွင်မြစ်တစ်လျှောက် ရေကြီး ရေလျှံမှုများလည်း ကြုံတွေ့ခဲ့ရကြောင်း တွေ့ရမည်ဖြစ်သည်။ မကြာသေးမီရက်ပိုင်းကပင်လျှင် ဖားကန့်ဒေသတွင် နွံကန်ပြိုကျပြီး လူ၅၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သေးသည်။ ဤသည်များ မှာ သဘာဝဘေးအန္တရာယ်ကျရောက်မှုများကိုသာ ရွေးနုတ်တင်ပြခြင်းဖြစ်ပါသည်။ ပေါ့ဆမှုကြောင့်လောင် သော မီးလောင်မှုဖြစ်စဉ်များကို ဖော်ပြခြင်းမပြုပါ။

 

မြန်မာနိုင်ငံတွင် သဘာဝဘေးနှင့် မီးဘေးဖြစ်ပေါ်လာရသည့်အကြောင်းရင်းများ

 

မြန်မာနိုင်ငံတွင် ဖြစ်ပွားကြုံတွေ့ရသည့် သဘာဝဘေး အန္တရာယ်များကို လေ့လာကြည့်လျှင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်သည့် အပူပိုင်းဆိုင်ကလုန် မုန်တိုင်းကျရောက်ခြင်းနှင့်အတူ လှိုင်းကြီးရေလွှမ်းမိုးခြင်း၊ မြစ်ရေကြီး၍ အနီးဒေသတစ်လျှောက် ရေကြီးခြင်း၊ ဒေသတစ်ခုအတွင်း မိုးသည်းထန်စွာ ရွာသွန်းချိန်တွင်ရေကြီးမှု၊ မြစ်ရေကြီးမှု၊ ဒီရေတို့နှင့် တိုက်ဆိုင်လျက်ရှိသဖြင့်ရွာသွန်းသော မိုးရေများ စီးထွက်နိုင်ခြင်းမရှိဘဲ ရေကြီးခြင်း၊ ရေလှောင်တမံများ အကြောင်းကြောင်းကြောင့် ကျိုးပေါက်၍ ရေကြီးခြင်း၊ လွန်ကဲစွာ မိုးခေါင်ခြင်း၊ အပူလှိုင်း၊ အအေးလှိုင်း ကျရောက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီ ဒီလှိုင်းများ ရိုက်ခတ်ခြင်းများ အဓိကဖြစ်ပွားခဲ့ကြောင်း အထက်ပါ ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာကြည့်ခြင်း အားဖြင့် မြင်ရနိုင်မည်ဖြစ်ပါသည်။ ၎င်းအပြင် နိုင်ငံတော်တွင်လူဦးရေ၊ စီမံကိန်းဝင်စက်ရုံ၊ အလုပ်ရုံ၊ လူနေမြို့ရွာ အဆောက်အဦများ တစ်နေ့တစ်ခြား တိုးတက်များပြားလာသည့်အတွက်ကြောင့်လည်းကောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးမှုအတွက် စက်မောင်းလောင်စာဆီ၊ လျှပ်စစ်ဓာတ်အား ၊ သဘာဝဓာတ်ငွေ့၊ မက်သနောဆီ၊ ရေနံဓာတ်ငွေ့စသည့် လောင်စာဆီများကို ပိုမိုအသုံးပြုလာသည့်အတွက်ကြောင့်လည်းကောင်း၊ လူ့အသုံး ဆောင်ပစ္စည်းများ ခေတ်မီတိုးတက်လာမှုကြောင့် မီးလောင်နိုင်သော အရာဝတ္ထုများပြား လာမှုကြောင့် လည်းကောင်း၊ လူတို့၏ မဆင်မခြင်ပေါ့ဆစွာ ကိုင်တွယ် အသုံးပြုမှုကြောင့်လည်းကောင်း မီးလောင်မှုများ ပိုမိုများပြားလာရခြင်းဖြစ်ကြောင်းကိုလည်း သတိထားကြ ရမည်ဖြစ်ပါသည်။

 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ရှာဖွေကယ်ဆယ်ရေးကော်မတီဖွဲ့စည်းဆောင်ရွက်

 

အထက်ဖော်ပြပါ သဘာဝဘေးအန္တရာယ်များအတွက်မြန်မာနိုင်ငံအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို၂၀၁၆ ခုနှစ် မေလ ၃၁ ရက်နေ့တွင်၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ဒုတိယသမ္မတ-၂ ဥက္ကဋ္ဌအဖြစ်ပါဝင်သော အဖွဲ့ဖြင့် ဖွဲ့စည်းထားရှိကာ ၎င်း၏အောက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ကော်မတီကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၁၆) ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မှ အတွင်းရေးမှူးအဖြစ်ဖွဲ့စည်းထားရှိသည်ကိုလည်း လေ့လာမိသည်။ ထိုရှာဖွေကယ်ဆယ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များအနေဖြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစီမံချက်ကို အချိန်အခါ၊ အခြေ အနေနှင့် အမြဲကိုက်ညီမှုရှိစေရေးအတွက် မပြတ်သုံးသပ်ရေး ဆောင်ရွက်ရန်၊ သဘာဝဘေး (ရေဘေး၊ လေဘေး၊ ဆူနာမီ၊ မီးဘေး၊ ငလျင်) အလိုက် ဖြစ်ပွားနိုင်ဖွယ်ရှိသော ဒေသနှင့်လူဦးရေများအား လေ့လာ၍ ဘေးဒုက္ခသည်များအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လူအင်အား၊ စက်ယ္တရား၊ ပစ္စည်းကိရိယာ စက်သုံးဆီစသည်တို့ ပြင်ဆင်ထားခြင်း၊ ဒေသအလိုက်မြေပြင်အနေအထားပေါ် မူတည်၍ ဒုက္ခသည်များ တိမ်းရှောင်ခိုလှုံနိုင်သောနေရာများ၊ အသက်ရှင်သန်နေထိုင်ရန် လိုအပ်သောရိက္ခာ၊ ပစ္စည်းအခြေအနေများအား ကြိုတင်လေ့လာပြီး အရေးပေါ်အခြေအနေတွင်အမြန်ဆုံးရရှိနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ထားရန်တို့ဖြစ်သည်ကို တွေ့ရသည်။

 

မီးသတ်တပ်ဖွဲ့မှ ခေတ်မီ အီလက်ထရွန်နစ်နည်းပညာပစ္စည်းများတပ်ဆင်သုံးစွဲမှုနှင့် အခြားလုပ်ငန်းစဉ်များ

 

မြန်မာနိုင်ငံအတွင်း မီးဘေးအန္တရာယ်အပါအဝင် အခြား သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် Command & Control Center ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်ကိုရန်ကုန်မြို့တွင် ထူထောင်ထားရှိခြင်း၊ မြန်မာနိုင်ငံအတွင်း မီးဘေးအန္တရာယ်အပါအဝင် အခြား သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ပြည်သူများအချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် Myanmar Fire Services Department facebook page ကို ထူထောင်ထားရှိခြင်းများ တွေ့ရှိရသည်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များအနေဖြင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရယူခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အစီအမံများချမှတ်ခြင်းနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် လုပ်ငန်းသုံး ပစ္စည်းများအား ဖြစ်ပွားရာဒေသသို့ စေလွှတ်ပို့ဆောင်ခြင်းနှင့်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အရေးပေါ်အကူအညီများ ပေးအပ်ခြင်းတို့ဖြစ်ကြောင်း တွေ့ရသည်။

 

သဘာဝဘေးဖြစ်ပွားစဉ် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရမည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များချမှတ်

 

သဘာဝဘေးဖြစ်ပွားစဉ် အလျင်အမြန် တုံ့ပြန်နိုင်ရန်အတွက် ကြိုတင်သတိပေးချက်ရရှိချိန်တွင် အင်အားများ အသင့်စုဖွဲ့ထားခြင်း၊ စုရပ်များ သတ်မှတ်ခြင်း၊ မိုးလေဝသနှင့်ဇလဗေဒòန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်များ၊ သတင်း များစုဆောင်းခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လိုအပ်သော သယ်ယူပို့ဆောင်ရေး အတွက် မော်တော်ယာဉ်၊ ရေယာဉ်များ အသင့်ထားရှိခြင်း၊ ကြိုတင်စီမံထားရှိသော ရိက္ခာများ အသင့် ထုပ်ပိုးပြင်ဆင်ခြင်း၊ လိုအပ်သော အသက်ကယ်လုပ်ငန်းသုံးပစ္စည်းများ အသင့်စုဖွဲ့ထားခြင်းနှင့်ဖြစ်ပွားချိန်တွင် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ခြင်း သဘာဝဘေးဒဏ်သင့် မြို့နယ်သို့ တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ အသင့်စုဖွဲ့ထားသည့် တပ်ခွဲ (၁) ခွဲအင်အား ၁၁၆ ဦး ဖြင့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရန် ထပ်မံ စေလွှတ်ခြင်း၊ သတင်းအချက်အလက်များ အမြန်ဆုံးရရှိရန်ဆောင်ရွက်ခြင်း၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် နေရာအနှံ့ ပိုက်စိပ်တိုက် ရှာဖွေကယ်ဆယ်ခြင်း၊ ဒဏ်ရာရရှိသူများ အား ရှေးဦး သူနာပြုစုကုသခြင်း၊ သက်ဆိုင်ရာကျန်းမာရေး အဖွဲ့သို့ ဆေးဝါးကုသနိုင်ရေးပေးပို့ခြင်း၊ ဘေးဒဏ်သင့်သူများကို အမိုးအကာအောက်ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း၊ အရေးပေါ် နားခိုရန်နေရာများ ဆောက်လုပ်ခြင်း၊ အခြေခံ အစားအစာများ၊ အဝတ်အထည်များနှင့် သောက်သုံး ရေရရှိရေးဆောင်ရွက်ခြင်း၊ သေဆုံးသူများ တွေ့ရှိပါက အလောင်းဆယ်တင်ခြင်း၊ ဒေသခံများနှင့်အတူ အတည်ပြု ခြင်းနှင့် စနစ်တကျသင်္ဂြိုဟ်နိုင်ရန် ဆောင်ရွက်ခြင်း၊ သေဆုံး သူများထံမှ ကူးစက်ရောဂါများ မပြန့်ပွားစေရန် လိုအပ်သော ဆေးဝါးအစီအမံ ပြုလုပ်ထားရှိခြင်းတို့ ပါဝင်ပါသည်။

 

အနာဂတ်ကာလအတွက် စွမ်းဆောင်ရည်မြင့်မားသည့်တပ်ဖွဲ့ဖြစ်ရန် ကြိုးပမ်း

 

မီးသတ်တပ်ဖွဲ့ကို အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှုကောင်းမွန်၍ ပြတ်သားသော စည်းကမ်းစည်းမျဉ်းထားရှိကာ လိုက်နာရမည့် ကျင့်ဝတ်များ သတ်မှတ်ထားရှိခြင်းဖြင့်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို အနာဂတ်ကာလတွင် နိုင်ငံတကာ မီးသတ်တပ်ဖွဲ့ဝင်များကဲ့သို့ ခေတ်မီပစ္စည်းကိရိယာများ အသုံးပြုပြီး စွမ်းဆောင်ရည်မြင့်မား သည်ထက် မြင့်မား အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံနှင့် ပြည်သူလူထုအား မီးဘေးနှင့် သဘာဝဘေးတို့မှ ကာကွယ်စောင့်ရှောက်ရန်အတွက် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ် သည်ဟုလည်း သိရသည်။သို့အတွက် လာမည့် မေလ ၅ ရက်နေ့တွင် ကျရောက်မည့်မီးသတ်တပ်ဖွဲ့နေ့ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့်သဘာဝဘေးအ္တရာယ်အပါအဝင် အခြားသော ဘေး အန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင်များကို ကြိုဆိုဂုဏ်ပြုကြရမည်ဖြစ်ပြီး ထိုတပ်ဖွဲ့ဝင်များ၏ ရည်မှန်းချက်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရေးအတွက်ပြည်သူများက ထိုတပ်ဖွဲ့၏ လုပ်ငန်းစဉ်များကိုသိရှိပြီး ဝိုင်းဝန်းလိုက်ပါ ဆောင်ရွက်ကြစေလိုပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။