ကျိုက်ဒုံ ၂၇ ဖေဖော်ဝါရီ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အမှတ်၄ရပ်ကွက်၊ မိတန်ဘုန်းတော်ကြီးကျောင်းအောက် ကွင်းဦး အညာကိုင်းတော၌ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးမှူးဒေါ်လှမြင့်နှင့် စိုက်ပျိုးရေး ဝန်ထမ်းများမှ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းဇော်က အမှာစကား ပြောကြား၌ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းစေရန်၊ စားသုံးသူ ဘေးအန္တရာယ် ကင်းစင်စေရန် တောင်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် ရည်ရွယ်၍ တောင်သူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှမြင့်က ယနေ့ခေတ်တွင် ဓာတုဓာတ်မြေသြဇာများကို တွင်ကျယ်စွာ အသုံးပြုလာကြသဖြင့် ဓာတုဓာတ်မြေသြဇာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာ ပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်း ကျန်ခြင်းနှင့် အခြားသော ဘေးထွက်ဆိုးကျိုးများကြောင့်မြေဆီလွှာ ထိခိုက်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။
ထိုကြောင့် တောင်သူများဖြင့်စိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရေးနှင့် အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်းများ၊ သဘာဝအပင်အားတိုးဆေးရေနှင့် ပိုးနှင်ဆေး ရေဖျော်စပ်သုံးစွဲနည်းများအား တောင်သူများ အသုံးပြုတတ်စေရန်အတွက် စိုက်ပျိုးရေး ဦးစီးမှူးနှင့် အဖွဲ့များမှ သဘာဝပိုးနှင်ဆေး၊ ငါးအမိုင်နိုအက်ဆစ် ဖျော်စပ်နည်းစနစ် လက်တွေ့ ပြုလုပ်ပြသခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်ပေးခဲ့ပြီး နံနံပင်မျိုးစေ့များနှင့် တောင်သူ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်၊ကျိုက်ဒုံ(ပြန်/ဆက်)


